ရဲများက ပစ်ခတ်ခဲ့သည်ဟု တွေ့ရှိသူတွေက ပြောဆိုကြောင်း ကာယကံရှင် မိသားစုရဲ့ ပြောကြားချက်အရ သိရပါတယ်။
Htar Htar Wai

ဖေဖော်ဝါရီ ၂၀ရက် ည၁၁နာရီဝန်းကျင်က ရွှေပြည်သာမြို့နယ် ၊ တ-၁၅ရပ်ကွက် ၊ အောင်သိဒ္ဒိလမ်းနဲ့ မဟာဗန္ဒုလလမ်းထိပ်မှာ လမ်းလုံခြုံရေးကင်းစောင့်နေတဲ့ လူတစ်စုကို သေနတ်နဲ့ပစ်ခတ်သွားတာကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်နဲ့ရပ်ကွက်နေပြည်သူတွေရဲ့ ပြောကြားချက်အရ မိမိတို့လမ်းနဲ့ အထွေအထူးပြဿနာမရှိခဲ့ပေမယ့်လည်း ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ လှော်ကားနယ်မြေရဲစခန်းမှာ အမှုဖွင့်ခွင့်မရသေးဘူးလို့ သိရပါတယ်။



" သေသူရဲ့ အဖေက အမှုသွားဖွင့်တာကို စခန်းထဲပေးမဝင်ဘူး။နှစ်ပွင့်နဲ့လူက ထွက်လာပြီး အမှုမဖွင့်ဖို့ ပြောတယ်။သမီးတို့ကလည်း မကျေနပ်ဘူး။လူတစ်ယောက်လုံး သေထားတာကို ။အမှုဖွင့်မယ်ပြောတာ အနူးအညွတ်တောင်းပန်ပါတယ် မဖွင့်ပါနဲ့ပဲ ပြောတယ်တဲ့ အဲဒီရဲစခန်းက။ သူ့မှာလည်း ရန်ငြိုးမရှိသလို ဆူညံဆူညံကြားလို့ သူအပါအဝင် လေးငါးယောက် ထွက်ကြည့်ကြတာ။ အဲဒါ ပစ်တယ်ပစ်တယ်ဆိုပြီး ပြန်ပြေးကြတဲ့အချိန် သူက ဝလည်းဝတော့ အနောက်မှာကျန်ခဲ့တယ်နဲ့ တူပါတယ်။ခေါင်းအနောက်က မှန်ထားတာ တွေ့တယ် " လို့ မိသားစုဝင် မအေးအေးအောင်က Duwun ကို ပြောပါတယ်။

သေဆုံးသူက အသက်၃၀အရွယ်အမျိုးသားဖြစ်ပြီး ဦးခေါင်းအနောက် သေနတ်ကျည်ရာတစ်ချက်ကြောင့် သေဆုံးခဲ့တာဖြစ်ပေမယ့် အနီးဝန်းကျင်မှာတော့ ကျည်ခွံသုံးခု တွေ့ရှိခဲ့ တယ်လို့လည်း ပေးဆပ်ခြင်းနှလုံးသား ပရဟိတအသင်း ဥက္ကဌ ဦးခင်စိုးက Duwun ကိုပြောပါတယ်။

" သေသူက အသက်၃၀အရွယ်အမျိုးသားပါ။ကျွန်တော်တို့ရောက်တော့ ဆုံးနေပြီ။သေနတ်က နားရဲ့အနောက် နောက်စေ့အောက်ဖက်လောက်ကနေ ဖောက်ဝင်သွားတဲ့အရာ တစ်ချက်တွေ့တယ်။အနီးဝန်းကျင်မှာတော့ ကျည်ခွံသုံးခုတွေ့တယ်။သူတို့က လမ်းမကြီးရဲ့ အတွင်း ပေ၅၀လောက်မှာရှိနေတာ။လမ်းမကြီးပေါ်ကနေ ပစ်သွားတဲ့အနေအထားရှိတယ် " လို့ ပေးဆပ်ခြင်းနှလုံးသား ပရဟိတအသင်း ဥက္ကဌ ဦးခင်စိုးက Duwun ကိုပြောပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို လက်ရှိမှာတော့ လှိုင်သာယာဆေးရုံကြီးမှာ ရင်ခွဲစစ်ဆေးထားရှိပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကျူချောင်သုဿန်မှာ ဈာပနအခမ်းအနားပြုလုပ်မှာ ဖြစ်ပါတယ်။


Author


က္က