သတင်းရယူနေတဲ့သတင်းထောက်တွေလည်း ထွက်ပြေးပုန်းရှောင်ခဲ့ရပါတယ်။

နေပြည်တော်ပျဉ်းမနားမြို့နယ်မှာ နှင်းဆးပန်းအဝိုင်းကို ပတ်ပြီး ဆန္ဒပြနေတဲ့လူအုပ်ကြားထဲကို ရဲနဲ့စစ်တပ်အင်အားအလုံးအရင်း ဝင်လာကာ ဆန္ဒပြသူတွေကို ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကြောင့် ဆန္ဒပြသူတွေလည်း လူစုခွဲထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။



“ ကားသမားတစ်ယောက်ကို ရဲ (၆) ဦးလောက်က နံပါတ်တုတ်တွေကိုင်လာပြီးတော့ ခင်များ.. ထွက်လို့ပြောတယ်။ ရဲကားကနေ နောက်ထပ် (၁၅) ယောက်လောက်ဆင်းလာပြီးတော့ မှန်ရိုက်ခွဲမယ်လုပ်တော့ ကားသမားက ရိုက်ခွဲမှာ ကြောက်တော့ မှန်ကို ချပေးလိုက်တော့ ကားသမားကို အတင်းဆွဲထုတ်သွားတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း ဆိုင်ကယ်တန်းမောင်းပြီး ပြေးရတာပဲ'’ လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက Duwun ကို ပြောပါတယ်။

နှစ်ငါးလုံးပြည်လုံးကျွတ်သပိတ်ဆင်နွဲမှုအဖြစ် ဒီကနေ့ ဖေဖော်ဝါရီ (၂၂) ရက်မနက်ပိုင်းကစတင်ကာ နေပြည်တော်က လူတန်းစား အလွှာပေါင်းစုံ အသီးသီးက နွေဦးတော်လှန်ရေးလှုပ်ရှားမှုအဖြစ် အင်အားသိန်းနဲ့ချီ ချီတက်လာနေစဉ်အတွင်း ရဲနဲ့ စပ်တပ်ကားတွေ၊ရေကားတွေ၊ ရဲသားနဲ့ စစ်သားအင်အားအများအပြားလည်း ချီတက်လာခဲ့တာပါ။

အဲဒီနောက် ထိုင်သပိတ်ဆင်နွဲဖို့အတွက် ဆန္ဒပြပြည်သူတွေ စုရုံးနေကြစဉ်အတွင်း ရဲနဲ့ စစ်သားတပ်ဖွဲ့တွေဟာ အင်အားအများအပြားသုံးပြီး ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ ဘယ်နှစ်ဦးဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်ဆိုတာကိုတော့ အတိအကျမသိရသေးဘဲ သတင်းရယူနေတဲ့ မီဒီယာသမားတွေကိုလည်း ဖမ်းဆီးမယ့်ပုံပြုလုပ်နေတာကြောင့်သတင်းထောက်တွေ ထွက်ပြေး ပုန်းရှောင်ခဲ့ရတယ်လို့လည်း မြေပြင်အခြေအနေကို သတင်းရယူခဲ့တဲ့ နေပြည်တော်သတင်းထောက်ရဲ့ ပြောပြချက်အရ သိရပါတယ်။



က္က