ပဲခူးမြို့ကဆန္ဒပြပွဲတွေမှာလည်း နေ့စဉ် လိုက်ပါပြီး ဆန္ဒပြနေသူဖြစ်တယ်လို့သိရပါတယ်။
Duwun

ပဲခူးမြို့က ဒီကနေ့ နွေဦးတော်လှန်ရေး ၂၂၂၂၂ အထွေထွေ သပိတ်မှာ ဆန္ဒပြနေစဉ် မီးရထားဝန်ထမ်းအမျိုးသားတစ်ဦး အမောဖောက်ပြီး ရုတ်တရက်မူးလဲကျပြီး ကွယ်လွန်သွားခဲ့ရတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီခန့်က ပဲခူးဘူတာရှေ့အရောက်မှာ မူးလဲကျသွားခဲ့တဲ့အတွက် ဝန်ထမ်းအိမ်ယာကိုပို့ဆောင်ခဲ့ပေမယ့် သက်သာမှုမရှိတာကြောင့် ဆေးခန်းကိုထပ်မံပို့ဆောင်ခဲ့ရာ ဆေးခန်းရောက်တဲ့အချိန်မှာ အသက်မရှိတော့ကြောင်းကို သိရှိရတာဖြစ်ပါတယ်။ သေဆုံးသွားခဲ့တဲ့ မီးရထားဝန်ထမ်း ဦးမျိုးမင်းထွန်းသည်  အသက် ၄၄ နှစ်အရွယ်ရှိပြီး ၊ မြန်မာ့မီးရထား ပါဝါလျှပ်စစ်ဌာနမှာ လုပ်ကိုင်နေတာဖြစ်ပြီး မိခင်ကြီးနဲ့ မိသားစုဝင် ၅ ဦးကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။



 "စုရပ်ဖြစ်တဲ့ ‌ရွှေမော်ဓောဘုရားခြေရင်းကနေ စထွက်တယ်။ ဒီနေ့က ၂၂၂၂၂ အထွေထွေ သပိတ်နေ့ဆိုတော့လူကလဲအရမ်းများလမ်းတွေကလည်းအားလုံးပိတ်တဲ့အခါကျတော့ ပဲခူးဘူတာ ကုန်းတံတားအဆင်းလေးမှာ အသက်ရှူမဝလို့ဖြစ်လိမ့်မယ် သူမူးလဲသွားတယ်။ မူးလဲသွားတော့မီးရထားဝန်ထမ်းအိမ်ယာကိုခေါ်သွားတယ်။အခြေအနေသိပ်မကောင်းတာနဲ့ ဝန်ထမ်းအိမ်ယာကနေ သမာဓိဆေးခန်းကိုခေါ်သွားတော့ ရောက်တဲ့အချိန်မှာအသက်မရှိတော့ဘူးလို့ ဆရာဝန်ကပြောတယ်။"လို့ သပိတ်ဦးဆောင်သူတစ်ဦးကပြောပါတယ်။

မီးရထားဝန် ထမ်း ဥိးမျိုးမင်းထွန်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်နေသူဖြစ်ပြီး ၊ ပဲခူးမြို့ကဆန္ဒပြပွဲတွေမှာလည်း နေ့စဉ် လိုက်ပါပြီး ဆန္ဒပြနေသူလည်းဖြစ်တယ်လို့သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက် ပဲခူးမြို့ရဲ့ နွေဦးတော်လှန်ရေး ၂၂၂၂၂ အထွေထွေ သပိတ်ကို  မြို့လုံးကျွတ်ပါဝင်ခဲ့ကြတာကြောင့် ဆန္ဒပြအင်အားက ၅ သိန်းထက်မနည်းမရှိတယ်လို့လည်းသိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


Author


က္က