နိုင်ငံတကာကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂဆိုင်ရာအထူးသံတမန်ကို CRPHက ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။
Htar Htar Wai

၂၀၂၀ရွေးကောက်ပွဲရဲ့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က နိုင်ငံတကာအစိုးရ ၊ အဖွဲ့စည်းတွေနဲ့ ဆက်သွယ်နိုင်ဖို့ နိုင်ငံတကာဆက်ဆံရေးရုံးကို ဒီနေ့ စတင်ဖွင့်လှစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)ရဲ့ ထုတ်ပြန်ချက်မှာတော့ ကမ္ဘာ့ကုလသမဂ ၊ နိုင်ငံတကာအစိုးရများ ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန် အတွက်လည်းကောင်း ၊ နိုင်ငံအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရန်အတွက်လည်းကောင်း နိုင်ငံတကာဆက်ဆံရေးရုံးကို အမေရိကန်ပြည်ထောင်စု ၊ မေရီလန်းပြည်နယ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၂ရက်မှာ ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ခဲ့တာပါ။



ဒါ့အပြင် CRPH ရဲ့ နိုင်ငံတကာကိုယ်စားလှယ်အဖြစ် ဦးထင်လင်းအောင်ကို ခန့်အပ်တာဝန်ပေးခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာအထူးသံတမန်အဖြစ် ဒေါက်တာဆာဆာကို ဒီနေ့မှာ ခန့်အပ် လိုက်တယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။

CRPH အနေနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့အတွက် သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဆက်လက်တာဝန်ပေးအပ်ဦးမယ်လို့ ဒီနေ့ ညနေ ငါးနာရီဝန်းကျင်က CRPHရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၃၇၈)ဦး တက်ရောက်ခဲ့တဲ့ ဖေဖော်ဝါရီ ၅ရက် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အွန်လိုင်းအစည်းအဝေးကနေ အဖွဲ့ဝင်(၁၅)ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။


Author


က္က