အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေက လက်မခံဘူးလို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ လှိုင်မြို့နယ်က အုပ်ချုပ်ရေးမှူး (၅) ဦးဟာ ဒီကနေ့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ အသီးသီးနုတ်ထွက်စာတင်ခဲ့ကြတယ်လို့ လှိုင်မြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

လှိုင်မြို့နယ် အမှတ် (၁) ၊(၂)၊ (၃) ၊ (၅) ၊(၁၃) ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ အုပ်ချုပ်ရေးမှူးလုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်လိုခြင်းမရှိတော့တာကြောင့် နုတ်ထွက်ခွင့်ပြုဖို့ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံကို တင်ပြထားတယ်လို့ ဆိုပါတယ်။



လှိုင်မြို့နယ်ကအုပ်ချုပ်ရေးမှူး (၁၆) ယောက်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှု ဆန့်ကျင်ရေးအနေနဲ့ ယခင်ကတည်းက CDM လုပ်ထားခဲ့ပြီး အဲဒီ အုပ်ချုပ်ရေးမှူးတွေအနက် (၉) ဦးကိုတော့ အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ခန့်အပ်ထားလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ (၉) ဦးအနက် လက်ရှိမှာ (၅)ဦး ကတော့ ဒီကနေ့ ဖေဖော်ဝါရီ (၂၂) ရက်နေ့မှာပဲ နုတ်ထွက်စာတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ အာဏာသိမ်းစစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေထဲမှာ အုပ်ချုပ်ရေးမှူးအဟောင်း (၉) ဦးက ပြန်ပါလာတယ်။ ပြည်သူတွေက ကောင်စီကခန့်အပ်ထားတဲ့လူဆိုရင် လုံးဝလက်မခံဘူး။ ပြည်သူတွေကတော့ ပြောတော့ အုပ်ချုပ်ရေးမှူး (၅) ယောက်ကနေပြီးတော့ အခုစစ်ကောင်စီက ခန့်အပ်တာကို နုတ်ထွက်စာတင်လိုက်တာပေါ့။ ဆရာတို့ ထင်တာကတော့ CDM မှာပါထားတဲ့ ကျန်တဲ့အုပ်ချုပ်ရေးမှူးတွေပါ ထွက်လိမ့်မယ့်ထင်တယ်” လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ရှင်းပြပါတယ်။

မနေ့ ဖေဖော်ဝါရီ (၂၂) ရက်တုန်းက ကင်းစောင့်သူတစ်ဦး သေနတ်ပစ်ခံရကာ သေဆုံးမှုဖြစ်ခဲ့တဲ့ ရွှေပြည်သာမြို့နယ်၊ တ- (၁၅) ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီခန့်အပ်လိုက်တဲ့ အုပ်ချုပ်ရေးမှူးကို အလိုမရှိဟုဆိုကာ ရပ်ကွက်သူ/သား ရာနဲ့ချီ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သိရပါတယ်။



က္က