လက်ရှိအချိန်ထိတော့ အမှုဖွင့်ပေးခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ညဘက်လမ်းလုံခြုံရေးကင်းစောင့်တဲ့ အမျိုးသားကို သေနတ်နဲ့ပစ်ခတ်သွားတဲ့ ဖြစ်စဉ်အတွက် ကာယကံရှင်မိသားစုက သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့်ဖို့ အကြိမ်ကြိမ်ကြိုးစားနေပါတယ်။

လက်ရှိအချိန်ထိ လှော်ကားနယ်မြေရဲစခန်းက အမှုဖွင့်ပေးခြင်းမရှိသေးပေမယ့် အထက်ကို တင်ပြပေးမယ်လို့ စခန်းတာဝန်ရှိသူက ပြောကြားလိုက်ကြောင်း ကာယကံရှင်မိသားစုရဲ့ ပြောကြားချက်အရ သိရပါတယ်။



" သူတို့တွေက အထက်ကို တင်ပြဦးမယ်လို့ ပြောပြီးပြန်လွှတ်လိုက်တယ်။ ပထမရက်ကလို အမှုမဖွင့်ပါနဲ့လို့တော့ မပြောတော့ဘူး။ ဒါပေမယ့် ဖွင့်ပေးမယ်လို့လည်း မပြောဘူး။ အထက်ကို တင်ပြလိုက်ဦးမယ်လို့ပဲ ပြောတယ် " လို့ သေဆုံးသူရဲ့ မိသားစုဝင်က Duwun ကို ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၃၀ အရွယ် အမျိုးသားရဲ့ ဈာပနကို ဖေဖော်ဝါရီ ၂၄ရက် ၊ နေ့လယ် ၁၂နာရီ ၊ ကျူချောင်သုဿန်မှာ မိသားစုက ပြုလုပ်ဖို့ မူလက စီစဉ်ထားပေမယ့် သေဆုံးသူအတွက် ဂုဏ်ပြုအခမ်းအနားကျင်းပဖို့ တောင်းဆိုတဲ့အတွက် ဈာပနအချိန် ညနေ ၃ နာရီကို ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။

" NLD ပါတီကလို့ ပြောတယ်။ အဒေါ်တွေနဲ့လည်းသိတယ်။ သူတို့တွေက ပွဲလုပ်ချင်တယ်ပေါ့။ ညီမတို့ ယူထားတဲ့အချိန်က အဆင်မပြေလို့ သူတို့ကိုယ်တိုင် ပြောပေးပြီး အချိန်ပြောင်းဖို့ စီစဉ်ပေးတာ။ ညနေ သုံးနာရီကို ယူလိုက်တာ။ ဂုဏ်ပြုပွဲပေါ့။ ဓာတ်ပုံတွေ ဘာတွေနဲ့ မိန့်ခွန်းလည်း ပြောမယ်လို့ ပြောသွားတယ်။အဲ ဒီလိုလုပ်ချင်ကြောင်း လာပြောလို့ မိသားစုကခွင့်ပြုလို့ အချိန်ပြောင်းဖို့ သူတို့တွေ စီစဉ်ပေးသွားတာပါ " လို့ သေဆုံးသူရဲ့ မိသားစုဝင်က Duwun ကို ပြောပါတယ်။

ရွှေပြည်သာမြို့နယ် ၊ တ-၁၅ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၀ရက် ည ၁၁ နာရီဝန်းကျင်က လမ်းလုံခြုံရေးအတွက် ကင်းစောင့်နေတဲ့ လူအုပ်စုဆီကို ကားတစ်စီးပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၀ အရွယ် ဦးတင်ထွဋ်ဝင်းဟာ ဦးခေါင်းကျည်ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ ကွယ်လွန်ခဲ့တာပါ။

အဆိုပါ ပစ်ခတ်မှုကို တွေ့ရှိလိုက်တဲ့သူတွေက မိသားစုကို ပြန်လည်ပြောကြားချက်အရ လူအုပ်စုကို သေနတ်နဲ့ပစ်ခတ်သွားတဲ့ ကားဟာ ဖြစ်စဉ်အပြီးမှာတော့ လှော်ကားနယ်မြေ ရဲစခန်းထဲကို မောင်းဝင်သွားတယ်လို့ သိရပါတယ်။



က္က