အမှုကို ဖေဖော်ဝါရီ ၁၀ ရက်မှာ လက်ခံပြီး ၁၁ ရက်မှာ လာရောက်သိမ်းဆည်းမယ်လို့ ရဲက ပြောထားခဲ့ပါတယ်။
Htar Htar Wai

ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ၊ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်ကို ဖေဖော်ဝါရီလ ၉ ရက် ညသန်းခေါင်ယံ အချိန်မှာ စစ်သား ၊ ရဲ ၊ အရပ်ဝတ်တွေနဲ့ လူတစ်စုက လာရောက်ဖောက်ထွင်းပြီး ရုံးတွင်းက ပစ္စည်းအချို့ ယူဆောင်ခြင်း ဖျက်ဆီးခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်အတွက် ပါတီတာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ပြီး ဗဟန်းရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာကို စခန်းကလက်ခံခဲ့ပေမယ့် သက်သေခံပစ္စည်းသိမ်းဆည်းခြင်းနဲ့ ထွက်ဆိုချက် ယူဖို့ကို ၁၃ရက်ကြာတဲ့အထိ လာရောက်လုပ်ဆောင်မှုမရှိသေးဘူးလို့ တရားလိုအဖြစ် တိုင်ကြားခဲ့သူ NLDပါတီရဲ့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးစိုးလေးက ပြောပါတယ် ။



"၉ရက်နေ့ ညမှာ ဖောက်ထွင်းခံတယ်။ ၁၀ ရက်နေ့မှာ တိုင်စာရေးပြီး ဗဟန်းရဲစခန်းမှာ အမှုဖွင့်တယ်။၁၀ရက်နေ့ ညနေမှာ စခန်းက အမှုကို လက်ခံခဲ့တယ်။အဲဒီညမှာ ရုံးကို လာစစ်ဆေးပြီး ၁၁ရက်နေ့ နေ့လယ်မှာ သက်သေခံပစ္စည်းတွေ လာရောက်သိမ်းဆည်းဖို့နဲ့ ဦးတို့ဘက်က ထွက်ဆိုချက်ပေးဖို့ ပြောသွားတယ်။၁၁ရက်နေ့မှာ စောင့်တယ် မလာကြဘူး။အဲဒီတော့ ၁၂ရက်နေ့ စခန်းကိုလိုက်တယ်။ လူကြီးမရှိဘူး။၁၃ရက်နေ့လည်း ထိုနည်းလည်းကောင်းပဲ။နောက်ဆုံး ကြားလူနဲ့ ၁၉ရက်မှာ ဖုန်းဆက်ပြီး ၁ရက် ၂ရက်အတွင်းဆောင်ရွက်မယ်ပြောတော့ စောင့်ခဲ့တယ်။ဒါပေမယ့် ဒီနေ့အထိ ဘာမှမထူးလာဘူး " လို့ NLDပါတီ ရခိုင်ပြည်နယ် ၊ အမျိုးသားလွှတ်တော်အမတ် ဦးစိုးလေးက ပြောပါတယ် ။

ဖေဖော်ဝါရီ ၉ရက်ည ဖောက်ထွင်းခံရမှုဖြစ်စဉ်မှာ တံခါးသော့တွေကို ချိုးဖျက်ဝင်ရောက်ပြီး CCTV ထိန်းချုပ်ခန်းအတွင်းက ပစ္စည်းအချို့ကို ဖျက်ဆီးတာ ၊ ရုံးချုပ်အတွင်းက ရုံးသုံးပစ္စည်း တွေကို ယူဆောင်သွားတယ်လို့ ဒီကနေ့ ရန်ကုန် NLD ရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် NLD ပါတီရဲ့ လက်ရှိဖမ်းဆီးခံဘဏ္ဍာရေးတာဝန်ရှိသူရဲ့ မီးခံသေတ္တာအတွင်းက ငွေသား ၊ ချက်လက်မှတ်နဲ့ စာရွက်စာတမ်းတွေကို ယူဆောင်သွားတာကြောင့် ပျောက်ဆုံးငွေသားနဲ့ အချက်အလက်တွေကို ပါတီက အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

" တတိယအလွှာက control roomက CCTV စက်တပ်ဆင်ထားတဲ့ စက်တွေ ၊ ကြိုးတွေ ၊ မီးပါဝါခလုတ်တွေ ဖျက်ဆီးသွားတယ်။ပစ္စည်းက အကြမ်းဖျင်းပဲ သိတယ်။ပရိုဂျက်တာ ၊ ပရင်တာ ၊ စာရွက်စာတမ်းအချို့ ၊ မီးခံသေတ္တာက ပွင့်နေတယ်။ အဲဒါက အခု ဖမ်းဆီးခံထားရတဲ့ ဦးသိန်းဦး(ဘဏ္ဍာရေးတာဝန်ရှိသူ) ရဲ့ ဟာပေါ့။ အဲဒီထဲမှာက ငွေသား ၊ ချက်လက်မှတ်တွေနဲ့ စာရင်း ဇယားတွေရှိတယ်။အဲဒီတော့ အတိအကျကတော့ သက်ဆိုင်သူတွေပဲ ပြောနိုင်မယ် " လို့ ဦးစိုးလေးက ပြောပါတယ် ။

တိုင်းနဲ့ပြည်နယ်အသီးသီးက NLD ရုံးတွေကို စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ဝင်ရောက်ရှာဖွေတာ ၊ ပစ္စည်းသိမ်းယူတာတွေလုပ်ဆောင်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၉ရက်မှာ ရန်ကုန်တိုင်းဒေသကြီးက NLD ရုံးချုပ် ဖောက်ထွင်းခံရသလို ဖေဖော်ဝါရီ ၁၅ရက်ကလည်း ရုံးချုပ်မှာ NLDပါတီရဲ့ ဗဟိုကော်မတီဝင်တွေကို လာရောက်ရှာဖွေတယ်ဆိုကာ လုံခြုံရေး အင်အားအများအပြားချပြီး လမ်းပိတ်လိုက်တာကြောင့် ပြည်သူတွေ ဝန်းရံခဲ့ရပါတယ်။


Author


က္က