Duwun

ပုဂံညောင်ဦးမြို့နယ်၊ ချောင်းရှည်အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးကို အာဏာသိမ်း စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတာဝန်ဆက်လက်ပေးအပ်တဲ့အပေါ် ရွာသားတွေက လက်မခံတာကြောင့် ခုညနေခင်းမှာ သံပုံးတီးပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

အဲ့ဒီ အုပ်ချုပ်ရေးမှူးဟာ ပြည်သူ့အစိုးရလက်ထက်မှာ ပြည်သူကရွေးကောက်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ်ထပ်မံတာဝန်ပေးတာကို အုပ်ချုပ်ရေးမှုး လက်ခံပြီး တာဝန်ဆက်ထမ်းဆောင်မှာကို ကျေးရွာနေပြည်သူတွေက လက်မခံကြောင်း၊ စစ်အစိုးရက ခန့်တဲ့ အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒပြ နေကြတာဖြစ်ပါတယ်။



" ပုဂ္ဂိုလ်ရေးအရ လုပ်နေတာမဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေးကခန့်တဲ့အုပ်ချုပ်ရေးမှူးဆို ဘယ်သူကိုမှအလိုမရှိလို့ လုပ်တာပါ။ စစ်အုပ်ချုပ်ရေးအောက်က အုပ်ချုပ်ရေးမှူး အုပ်ချုပ်မှု၊အမိန့်တွေကိုလည်း လိုက်နာမှာမဟုတ်ဘူး။ အသိအမှတ်ပြုမှာလည်းမဟုတ်ပါဘူး"လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။ အနောက်အုံကျေးရွာက ရွာသူရွာသား ၂၀၀ လောက်ဟာ စစ်တပ်ကခန့်တဲ့ အုပ်ချုပ်ရေးမှူးအလိုမရှိဆိုပြီး ရွာလယ်လမ်းမကနေ အုပ်ချုပ်ရေးမှူးအိမ်အရှေ့ထိကို ညနေ ၃ နာရီခွဲလောက်ကစပြီး သံပုံးတီးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ချောင်းရှည်အုပ်စုမှာက ချောင်းရှည်ကျေးရွာနဲ့ အနောက်အုံ ကျေးရွာ နှစ်ခုရှိကြောင်း၊ အုပ်စု အုပ်ချုပ်ရေးမှူးက အနောက်အုံကျေးရွာမှာနေထိုင်တာဖြစ်တာကြောင့် အနောက်အုံးကျေးရွာသူ ရွာသားတွေက အုပ်ချုပ်ရေးမှုး အိမ်ရှေ့မှာ သံပုံးတီးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အခုလို ကျေးရွာနေလူထုက လက်မခံကြောင်း ဆန္ဒပြခဲ့တဲ့ အပေါ် အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေဦးအနေနဲ့ တစ်စုံတစ်ရာ ပြောဆိုတာမျိုး တော့မရှိဘူးလို့သိရပါတယ်။


Author


က္က