ထီရောင်းသူတွေနဲ့ ပြည်သူတွေထီထိုးဖို့ အခက်အခဲရှိတာကြောင့်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မတ်လ ၁ရက်မှာ ဖွင့်လှစ်မယ့် ၂၅ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲကို မတ်လ ၁၅ကို ရွှေ့ဆိုင်းတယ်လို့ စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ကြေညာချက်မှာတော့ လက်ရှိနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ထီလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်း ပြုသူတွေ ထီရောင်းချနိုင်မှုမရှိသလို ပြည်သူတွေကလည်း ထီထိုးဖို့ အခက်အခဲဖြစ်ပေါ်နေတာကြောင့် ပြည်သူရဲ့ စီးပွားရေးအခက်အခဲတွေပြေလည်စေဖို့ ထီဖွင့်ရက်ကို ရွှေ့ဆိုင်းတယ်လို့ ပါရှိပါတယ်။



" ၁၅ရက်နေ့ကို ရွှေ့တယ်ဆိုတော့ ရောင်းဖို့ရက်ကျန်သေးတော့ အားတော့ ရှိသွားတာပေါ့ဗျာ။ မဟုတ်ရင် အရင်းရှုံးတော့မယ့် အနေအထားဖြစ်နေတာ။ အခုက ရက်ကျန်သေးတော့ ရောင်းတော့ရောင်းကြည့်ရမှာပဲ။ အရင်က တစ်ရက်တစ်သိန်းဖိုးရောင်းရရင် အခုက သုံးသောင်းဖိုးလောက်ပဲ ရောင်းနေရတာပေါ့ " လို့ ထီရောင်းချသူ ကိုအောင်ထွန်းက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ- မြန်မာ့အလင်း

ဖေဖော်ဝါရီ ၁ရက်မှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တာကြောင့် ပြည်သူတွေက အခွန်အခမပေးချင်တဲ့အတွက် အောင်ဘာလေထီမထိုးကြဖို့ နှိုးဆော်မှုတွေလည်း ပြုလုပ်နေပါတယ်။

" ကျွန်တော်တို့ ရပ်ကွက်မှာဆို ကတ်ထူချပ်နဲ့ ရေးထားတာ ဘာမဝယ်ဖို့ ၊ ဘာမသုံးဖို့ဆိုပြီး ၇ မျိုး ၊ ၈ မျိုး နာမည်ပါတယ်။ ကြက်ခြေနီခတ်ပြီး လမ်းထိပ်မှာချိတ်ထားတာ။ အဲဒီမှာ ထီမထိုးဖို့လည်းပါတယ်။ အဲဒီချိတ်ထားတဲ့ဟာကြီးဆို ကျွန်တော့်ထီဆိုင်နဲ့ ကပ်လျက်ကြီးပဲ လမ်းထိပ်မှာ ။ ကျွန်တော်လည်း မျက်နှာပူတယ် " လို့ သာကေတမြို့နယ်က ထီရောင်းချသူ ကိုအောင်ထွန်းက Duwun ကို ပြောပါတယ်။

မတ်လ ၁၅ရက်မှာ ဖွင့်လှစ်မယ့် ၂၅ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ်ဝယ်ခွင့်ရရှိသူတွေကို ကျပ်၁၀၀၀တန် ထီစာအုပ်တွေကို မူလအက္ခရာ ၃၉လုံး ၊ ထီအုပ်ရေ ၃၁၉၀၉၀၂ အုပ်ရောင်းချထားပြီး ပြည်သူတွေကို ဆုငွေအဖြစ် ၆၀ရာခိုင်နှုန်းပြန်လည် ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က