အာဏာသိမ်းစစ်ကောင်စီနဲ့ ယင်းတို့ခန့်အပ်ထားတဲ့ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေကို လုံးဝအသိအမှတ်ပြု လိုက်နာမှာမဟုတ်ဟုဆို
Duwun

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ယင်းတို့ခန့်အပ်ထားတဲ့ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေကို လုံးဝအသိအမှတ်ပြု လိုက်နာမှာမဟုတ်ဘဲ ဘယ်လို အခက်အခဲရှိလာသည်ဖြစ်စေ တရားဝင်ပြည်သူ့အစိုးရ အာဏာပြန်ရလာတဲ့အထိ ငြိမ်းချမ်းစွာ အကြမ်းမဖက်တဲ့ အမိန့်အာဏာဖီဆန်မှုနည်းလမ်း နဲ့ ဆန္ဒထုတ်ဖော်တာ၊ Civil Disobedience Movement ကို ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့ အစိုးရဆေးရုံအသီးသီးက ကျန်းမာရေးဝန်ထမ်းတွေက သဘောထားထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတော်ပုန်ကန်မှုပြုလုပ်ပြီး နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားအစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး နိုင်ငံတော် အာဏာကို တရားမဝင် အဓမ္မလုယူထားတဲ့သူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးတွေထံ သူတို့ရဲ့ သဘောထားထုတ်ပြန်ချက်တွေ ပေးပို့ခဲ့တာဖြစ်ပြီး ထုတ်ပြန်ချက်ထဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနလို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ဆေးရုံအုပ်ကြီးတွေအနေနဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ တရားဥပဒေမဲ့ ပြုကျင့်မှုတွေ၊ ပြည်သူလူထုအပေါ် လူစိတ်ကင်းမဲ့စွာ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ဝန်ထမ်းတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ပြီး တရားမဲ့ဖိနှိပ်မှုတွေကို သိလျက်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လုပ်ငန်းခွင်ဝင်ဖို့ ဖိအားပေးတာ၊ မြို့နယ်၊ တိုက်နယ်ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေကို ဥပဒေဘောင်ကျော်လွန်ပြီး တရားစွဲဆိုခြင်းတွေကို မသိကျိုးကျွန်ပြုတာ၊ ကျန်းမာရေးဝန်ထမ်းတွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေကို သိလျက်နဲ့ တားဆီးကာကွယ်ဖို့ ပျက်ကွက်တာ၊ ဆေးရုံတွေက ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ ဆေးပစ္စည်း၊ ဆေးဝါးတွေကို အာဏာသိမ်းစစ်ကောင်စီကို လွှဲပြောင်းပေးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အခုလို တရားမဲ့ပြုကျင့်မှုတွေ၊ အောက်ခြေအဆင့်ဆင့်က အရာရှိတွေ၊ ဝန်ထမ်းတွေအပေါ် ဖိနှိပ်မှု၊ ပျက်ကွက်မှုတွေ၊ ပြည်သူပိုင်ပစ္စည်းတွေ အလွဲသုံးစားပြုမှုတွေအတွက် အမိန်ပေးစေခိုင်းသူ၊ လိုက်ပါဆောင်ရွက်သူတွေအနေနဲ့ အပြည့်အ၀ တာဝန်ခံရမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေ ခံစားရမယ့် လစာငွေတွေကိုလည်း အခုကာလမှာ ထုတ်ယူမှာမဟုတ်ဘဲ တရားဝင်အစိုးရရဲ့ နိုင်ငံတည်ဆောက်ရေးမှာ အသုံးပြုမှာဖြစ်ကြောင်း၊ ရသင့်ရထိုက်တဲ့ လုပ်ခလစာတွေ လျော့ပါးပျောက်ဆုံးပါက ဆေးရုံအုပ်ကြီးတွေရဲ့ တာဝန်သာဖြစ်ကြောင်းကိုလည်း ရေးသားထားတာပါ။

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်းနဲ့ ပြည်သူလူထုနဲ့အတူ ဒီမိုကရေစီပန်းတိုင် အဆုံးထိအတူတကွ ဆက်လက်ပူးပေါင်းချီတက်သွားမယ်လို့လည်း ဆိုပါတယ်။

အဆိုပါ သဘောထားထုတ်ပြန်ချက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ မိတ္ထီလာဆေးရုံကြီး၊ စပ်စံထွန်းဆေးရုံကြီး၊ ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီး၊ နေပြည်တော် ကုတင် (၁၀၀၀) ပည်သူ့ဆေးရုံကြီး၊ မော်လမြိုင် အထွေထွေရောဂါကုဆေးရုံကြီးနဲ့ အမျိုးသမီးနဲ့ကလေးဆေးရုံကြီး၊ ကျောက်ဆည်အထွေထွေရောဂါကုဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး၊ နေပြည်တော်ကုတင် (၅၀၀) အရိုးအထူးကုဆေးရုံကြီး၊ သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၊ ခုတင် (၃၀၀) ဆေးရုံကြီး နေပြည်တော်၊ ရန်ကင်းကလေးဆေးရုံကြီးတွေက CDM မှာပါဝင်တဲ့ကျန်းမာရေးဝန်ထမ်းတွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။



Author


က္က