အဆိုပါဝန်ထမ်းနှစ်ဦးမှာ နေရေးထိုင်ရေး၊ စားရေးသောက်ရေး အခက်အခဲရှိနေဟုဆို
Duwun

ပဲခူးတိုင်း၊ မိုးညိုမြို့နယ် မီးသတ်တပ်ဖွဲ့တစ်ခုက CDM လုပ်တဲ့ မီးသတ်ဝန်ထမ်းနှစ်ဦးကို ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်မယ်ဆိုတာကြောင့် အဆိုပါ ဝန်ထမ်းနှစ်ဦး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သာယာဝတီခရိုင် မိုးညိုမြို့နယ်က နယ်မြေမီးသတ်စခန်းတစ်ခုက တပ်ကြပ်ကြီးနှစ်ဦးဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDMလှုပ်ရှားမှုကို ဖေေဖော်ဝါရီလ (၃) ရက်နေ့မှာစတင်လုပ်ဆောင်ခဲ့ပြီး သူတို့ နှစ်ဦးကို ဖမ်းဆီးမယ်ဆိုတဲ့သတင်းကြောင့် ရန်ကုန်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

 “ ကျွန်တော်တို့ကို ပုဒ်မ (၅၀၅) နဲ့ ဖမ်းဆီးအရေးယူမယ်ဆိုပြီး ကြားရပါတယ်။ အဲဒီလိုဖမ်းမယ်ဆိုတော့ ကျွန်တော်တို့ ညတိုင်းလည်း အိမ်မှာမအိပ်ရဘူး။ နေ့တိုင်းရှောင်နေရတယ်။ နောက်ဆုံးနေလို့ အဆင်မပြေတော့ ရန်ကုန်ကို ရောက်လာတယ်။ ရန်ကုန်မှာပဲ CDM တိုက်ပွဲဆက် ဝင်နေပါတယ်။ ဌာနကလည်း ကျွန်တော်တို့ CDM မလုပ်ဘဲ ပြန်ဝင်မယ်ဆိုရင် အလားတူကိစ္စမဖြစ်အောင် ခံဝန်ထိုးခိုင်းမယ်လို့လည်း ပြောပါတယ်" လို့ CDM မှာပါဝင်တဲ့ မီးသတ်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး တစ်ဦးက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ဌာနက သူတို့ နှစ်ဦးကို (၂၁) ရက်တိတိခွင့်မဲ့ပျက်ကွက်ပါက အလုပ်ကထုတ်မှာဖြစ်ပြီး ကိုဗစ်ကာလအတွင်း နိုင်ငံတော်က ချေးထားတဲ့ ချေးငွေ (၂)လစာကို ပြန်ဆပ်ရမှာဖြစ်တဲ့အပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပေဒအရ လည်း အရေးယူမှာဖြစ်ကြောင်းကို ဌာနက တရားဝင် အကြောင်းကြားလာတယ်လို့လည်း အဆိုပါ မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦးကပြောပြပါတယ်။

“ ကျွန်တော်တို့မြို့နယ်မှာ CDM လုပ်တာက ကျွန်တော်တို့ (၂) ယောက်ပဲ ရှိတယ်။ အခုလက်ရှိ ဖြစ်နေတာက သူတို့က ကျွန်တော်တို့ကို ဖုန်းဆက်တယ်။လုပ်ငန်းခွင်ပြန်ဝင်ဖို့ ပြန်ဝင်လာရင် ခံဝန်လက်မှတ်ထိုး။ ကျွန်တော်တို့ကို (၅၀၅) နဲ့ တရားစွဲမယ်ဆိုပြီးတော့လည်း ခြိမ်းခြောက်တာမျိုးရှိတယ်။ ၂၁) ရက်ပြည့်လို့ ဝန်ထမ်းစည်းမျဉ်းအရ အရေးယူမယ်ဆိုရင်လည်း ကျွန်တော်တို့က အလုပ်ပြုတ်တဲ့အထိ ရတယ်။ အဆုံးစွန်ထိ တိုက်ပွဲဝင်သွားမယ်လို့”လည်းဆိုပါတယ်။

အဆိုပါ ဝန်ထမ်းနှစ်ဦးမှာ နေရပ်ဇာတိကနေ ထွက်ပြေးတိမ်းရှောင်လာရတာကြောင့် နေရေးထိုင်ရေး၊ စားရေးသောက်ရေး အခက်အခဲရှိနေပြီး နီးစပ်ရာ ပြည်သူတွေကပဲ စောင့်ရှောက်ပေးထားတယ်လို့လည်း သိရပါတယ်။



Author

  • Duwun

က္က