ရပ်ကွက် (၁၆) ခုစလုံးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အကုန် နုတ်ထွက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီခန့်အပ်ထားတဲ့ လှိုင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်သွားပြီလို့ လှိုင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက Duwun ကို ပြောပါတယ်။

လှိုင်မြို့နယ်မှာ ရပ်ကွက်ပေါင်း (၁၆) ခုရှိပြီး ရပ်ကွက် (၁၆) ခုစလုံးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အကုန် နုတ်ထွက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

လှိုင်မြို့နယ်မှာ ယခင်တာဝန်ထမ်းဆောင်တဲ့ အုပ်ချုပ်ရေးမှူး (၁၆) ဦးလုံး CDM လုပ်ထားရာကနေ ယခင်အုပ်ချုပ်ရေးမှူးတွေထဲက (၉) ဦးနဲ့ နောက်ထပ်အသစ် (၇) ဦး စုစုပေါင်း (၁၆) ဦးကို အာဏာသိမ်းစစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ် ခန့်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ယခင်အုပ်ချုပ်ရေးမှူး (၉) ဦးထဲက (၅) ဦးမှာ အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်လိုခြင်းမရှိတာကြောင့် အလုပ်မှ နုတ်ထွက်ခွင့်ပြုဖို့ ဖေဖော်ဝါရီ (၂၂) ရက်မှာ နုတ်ထွက်စာတင်ခဲ့တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီ (၂၃)ရက်မှာတော့ ကျန်ရှိတဲ့ယခင်အုပ်ချုပ်ရေးမှူး (၄) ဦးနဲ့ အုပ်ချုပ်ရေးမှူးအသစ် (၇) ဦးမှာလည်း အလုပ်မှ နုတ်ထွက်ခွင့်ပြုဖို့ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တင်ပြလိုက်တယ်လို့ သိရပါတယ်။

“ စစ်ကောင်စီက အသစ်ခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေရော အရင်အုပ်ချုပ်ရေးမှူးတွေရော အားလုံးနုတ်ထွက်စာတင်လိုက်တာပါ” လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေ ခန့်လိုက်ပြီးနောက် လှိုင်မြို့နယ်က ပြည်သူတွေဟာ ရပ်ကွက်ရုံးတွေရှေ့ သွားရောက်ကာ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

“ ပြည်သူတွေက သူတို့ကို လက်မခံဘူး။ ကြဥ်ထားမယ်လို့ပြောတယ်။ သူတို့က ပြည်သူ့ဘက်ကရပ်တာပေါ့လေ။ တချို့လည်း ပြည်သူက အင်အားကောင်းတော့ လုပ်ရင် အမုန်းခံရမှာလေ" လို့ ဦးကျော်ကျော်ထွန်းက ဆိုပါတယ်။

လက်ရှိမှာ မြို့နယ်၊ ရပ်ကွက်အများစုမှာ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေက အလိုမရှိဟုဆိုကာ ဆန္ဒပြတောင်းဆိုနေတဲ့သတင်းတွေ လှုမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။



က္က