ဖေဖော်ဝါရီ ၂၆ရက်မှာ တွေ့ဆုံဖို့ နိုင်ငံရေးပါတီတွေကို ဖိတ်ကြားထားပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီလအတွင်းမှာ ပြန်လည်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့အတွက် ဖေဖော်ဝါရီ ၂၆ရက်မှာ ဖိတ်ခေါ်ထားပါတယ်။

ဒီလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အမည်နဲ့ ဖိတ်ကြားလာတဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ကြောင်း ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးပါတီတွေက လူမှုကွန်ရက် စာမျက်နှာတွေကနေ ထုတ်ပြန်ကြေညာနေကြတာပါ။



" စစ်ကောင်စီကနေပြီးတော့ အသစ်ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားစာပေါ့နော် ။ ခေါင်းစဉ်အကြောင်းအရာမပါဘူး။ဒါပေမယ့် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ဆိုပြီး ဖိတ်ကြားတဲ့စာ ရောက်ပါတယ်။ကျွန်မတို့ပါတီကတော့ မတက်ဘူးလို့ အကြောင်းပြန်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အာဏာလုထားတဲ့ စစ်ကောင်စီကနေ ခန့်ထားတဲ့ UEC ဖြစ်ပါတယ်။၂၀၂၀ရွေးကောက်ပွဲမှာ ပြည်သူလူထုက တစ်ခဲနက်မဲပေးရွေးချယ်ခဲ့တဲ့ ပြည်သူ့အာဏာရ အစိုးရလက်ထဲကနေ စစ်ကောင်စီက လုယူထားတာ လက်မခံနိုင်ပါဘူး။သူကနေ ဖိတ်ကြားတဲ့ ပွဲဖြစ်ဖြစ် ၊ ဘာဖြစ်ဖြစ် ပူးပေါင်းပါဝင်မှာ မဟုတ်ပါဘူး " လို့ လူ့ဘောင်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူက Duwun ကို ပြောပါတယ်။

ပြည်သူ့ပါတီကလည်း ရွေးကောက်ပွဲမဲရလဒ်အငြင်းပွားမှုကို အဓမ္မနည်းနဲ့ အာဏာသိမ်းဖြေရှင်းတဲ့အတွက် မထောက်ခံဘူးလို့ဆိုပါတယ်။

" ၂၀၂၀ရွေးကောက်ပွဲမှာ ပြည်သူကပေးလိုက်တဲ့ မဲဆန္ဒကို အလေးအနက်တန်ဖိုးထားတယ်။ရွေးကောက်ပွဲမဲရလဒ်အငြင်းပွားမှုကို အဓမ္မနည်းနဲ့ အာဏာသိမ်းဖြေရှင်းတဲ့နည်းကို မထောက်ခံဘူး။ပြည်သူလူထုရဲ့ ဒီမိုကရေစီရေးအတွက် တရားမျှတတဲ့တောင်းဆိုမှုအပေါ်မှာ ပြည်သူနဲ့အတူ တသားတည်းရှိတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အမည်နဲ့ ဖိတ်ကြားလာတဲ့ ဖိတ်ကြားမှုကို ကျွန်တော်တို့အနေနဲ့ မတက်ရောက်နိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ် " လို့ ပြည်သူ့ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ ဖေဖော်ဝါရီ ၂၆ရက်မှာ ကျင်းပမယ့် အဆိုပါဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ပြည်သူ့ပါတီ ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၊ တအာင်း(ပလောင်) အမျိုးသားပါတီနဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA)ရဲ့ အဖွဲ့ဝင် နိုင်ငံရေးပါတီ ၁၃ခုတို့က တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အဆိုပါဆွေးနွေးပွဲကို တက်ရောက်မယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ ဒါဟာ UEC အသစ်ရဲ့ ပထမဆုံးဖိတ်တဲ့အစည်းအဝေးမို့ တက်ရောက်သင့်တယ်လို့ ပါတီကဆုံးဖြတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက Duwun ကို ပြောပါတယ်။

" နေပြည်တော်က CEC တစ်ယောက်တက်မှာပါ။ ဖိတ်စာရတယ် ၊ တက်မယ်ဆိုပြီး အကြောင်းပြန်ထားတယ်။ ပါတီကတော့ ဖိတ်တဲ့အတွက် UEC အသစ်က ပထမဆုံးဖိတ်တဲ့ အစည်းအဝေးဖြစ်တယ်။သွားတက်သင့်တယ်လို့ ဆုံးဖြတ်ပြီး သွားတက်မှာဖြစ်ပါတယ် " လို့ တစညပါတီ ဗဟိုကော်မတီအဖွဲ့ဝင်တစ်ဦးက Duwun ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ရက်၊ နေပြည်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံညှိနှိုင်းဖို့ နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဥက္ကဌ/အတွင်းရေးမှူး (သို့မဟုတ်) တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး တက်ရောက်ဖို့နဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၄ရက်မှာ နောက်ဆုံးထားစာရင်းပေးဖို့ နိုင်ငံရေးပါတီတွေကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။



က္က