ပြည်သူတွေက ရုံးတွေ‌ရှေ့မှာ ဆန္ဒမပြ၊ CDM လုပ်ဖို့ ဖိအားမပေးဘူးလို့ ကတိကဝတ်ပြုခဲ့တယ်လို့ သိရပါတယ်။

မင်းဘူးမြို့မှာ ယနေ့နံနက်ပိုင်းက ဆန္ဒပြသူ (၇) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ယနေ့ ညနေပိုင်းမှာ ဖမ်းဆီးသူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

မင်းဘူးမြို့ရဲ့ တည်ဆောက်ဆဲ မြို့တော်ခန်းမရှေ့မှာ အမျိုးသမီး ၄ ဦးကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး အမျိုးသား ၃ ဦးကိုတော့ ဗိုလ်ချုပ်ပန်းခြံအရှေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

"အားလုံးကို ပြန်လွှတ်ပေးလိုက်တာပါ။ ဘယ်လိုသဘောတူညီချက်နဲ့ ပြန်လွှတ်ပေးလိုက်လဲဆိုတော့ လမ်းမပေါ်မှာ ဆန္ဒပြချင်ပြပေါ့နော််..ရုံးတွေဘာတွေရှေ့မှာ မပြရဘူးပေါ့။ CDM မလုပ်ဘဲ ဆင်းနေတဲ့ ဝန်ထမ်းတွေရှိတယ်။ အဲဒီရုံးတွေရှေ့မှာ မပြရဘူး။ လမ်းမကြောင်းမှာ ထွက်ပြချင်ပြပေါ့" လို့ အဖမ်းခံခဲ့ရသူ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးရဲ့ သမီးဖြစ်သူက ပြောပါတယ်။ 

ယနေ့မနက်ပိုင်း ရဲတပ်ဖွဲ့မှ ဆန္ဒပြသူအချို့ကို ဖမ်းဆီးသွားပြီးနောက် အခြေအနေ

ဘယ်လိုပဲဖြစ်ဖြစ် လက်နက်မဲ့ ဆန္ဒပြပြည်သူတွေကို အခုလိုဖမ်းဆီးတာကို သဘောမကျဘူးလို့လည်း သူက ဆိုပါတယ်။

ဖမ်းဆီးထားသူအားလုံးကို ယနေ့ညနေ ၇ နာရီဝန်းကျင်မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးသွားသူတွေကို ပြန်လွှတ်မပေးမချင်း မြို့ခံတွေက မပြန်ဘဲ ရဲစခန်းရှေ့မှာ ထိုင်စောင့်နေခဲ့ကြပြီး ရှေ့နေအဖွဲ့ကလည်း ဖမ်းဆီးသွားတွေ လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ 

ဖမ်းဆီးသွားသူတွေ လွတ်မြောက်ဖို့အတွက် ပြည်သူတွေက ရုံးတွေ‌ရှေ့မှာ ဆန္ဒမပြ၊ CDM လုပ်ဖို့ ဖိအားမပေးဘူးလို့ ကတိကဝတ်ပြုခဲ့ရပြီး လမ်းတွေပေါ်မှာ လွတ်လပ်စွာ ဆန္ဒပြဖို့အတွက်လည်း ရဲတပ်ဖွဲ့က သဘောတူညီပေးခဲ့ကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြောကြားခဲ့ပါတယ်။ 

ယနေ့မနက်ပိုင်းမှာ မင်းဘူးဆေးရုံရှေ့မှာ ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို ရဲတပ်ဖွဲ့မှ နံပါတ်တုတ်များနဲ့ ရိုက်နှက်ကာ ၇ ဦးကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အဆိုပါ ၇ ဦးထဲမှာ ပါဝင်တဲ့ အသက် ၆၂ နှစ်အရွယ်အမျိုးသမီးကြီးမှာ ဘေးမှာ ရပ်ကြည့်နေစဥ်် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က