ဒီနေ့ညနေပိုင်းမှာပဲ သဂြိုလ်လိုက်တယ်လို့သိရပါတယ်။
Duwun

မန္တလေးမြို့ ကမ်းနားလမ်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်မှာ ဒူးခေါင်းကိုသေနတ်ထိမှန်ခဲ့ပြီး ဖမ်းဆီးသွားတဲ့ ကိုရာဇာအောင်ဆိုသူဟာ ဒီကနေ့ ဖေဖော်ဝါရီ (၂၄) ရက်နေ့မှာ မန္တလေးစစ်ဆေးရုံမှာ ဆုံးပါးသွားခဲ့တယ်လို့ ကိုရာဇာအောင်ရဲ့ မိသားစုဝင်တွေနဲ့ ပရဟိတမင်းခေါင်အဖွဲ့က Duwun ကို အတည်ပြုပြောပါတယ်။

သေနတ်ဒဏ်ရာရခဲ့တဲ့ ကိုရာဇာအောင်ကို စစ်ဆေးရုံမှာ ကုသပေးခဲ့ရာ ဒီကနေ့ နေ့လယ်ပိုင်းလောက်မှာ ဆုံးပါးသွားခဲ့တယ်လို့ သိရပြီး ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့တယ်လို့ စစ်ဆေးရုံဘက်က အတည်ပြုခဲ့ကြောင်း၊ မိသားစုဝင်တွေက အလောင်းထုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကိုဗစ်ကြောင့် ရောဂါကူးစက်နိုင်တယ်ဆိုပြီး အလောင်းကို ထုတ်မပေးဘဲ ဆေးရုံရဲ့ အစီအစဉ်နဲ့သာ ဒီကနေ့ ညနေပိုင်းမှာ သဂြိုလ်ခဲ့ရကြောင်း ကိုရာဇာအောင်ရဲ့ ဇနီးဖြစ်သူ မဖြူဖြူဝင်းက ပြောပါတယ်။

“ ရာဇာအောင်က ကိုဗစ်နဲ့သေတာဆိုပြီးတော့ ကျွန်တော်တို့ ဆေးရုံရောက်ရောက်ချင်းပြောတာ။ ကျွန်တော်တို့ မိသားစုဝင် (၄) ယောက်စလုံးကိုလည်း ကိုဗစ်ရှိ၊မရှိ စစ်ရမှာတဲ့။ ရှိခဲ့ရင် ဒီမှာ ဆေးကုသမှုခံရမယ်တဲ့။ ကျွန်တာ်တို့ (၄) ယောက်စလုံးကို စစ်တော့ မရှိဘူးဆိုပြီး ပြောတယ်။ အလောင်းကို ထုတ်ဖို့ သူ့အမေက ငိုပြီး တောင်းတာတောင်မရဘူး။ သူ့သားလေးမျက်နှာ နောက်ဆုံးတွေ့ချင်လို့ ပြောတော့ ဓာတ်ပုံရိုက်ယူသွားဆိုပြီး ဓာတ်ပုံတောင် အဝေးက ရိုက်ခဲ့ရတယ်။ " လို့ မဖြူဖြူဝင်းက ပြောပါတယ်။

ကိုရာဇာအောင်ဟာ ဖေဖော်ဝါရီ (၂၀) ရက်က မန္တလေးမြို့ ကမ်းနားလမ်းမှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြနေရာကို ဆိုင်ကယ်နဲ့သွားကြည့်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်ရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဒူးခေါင်းမှာ ကျည်ထိမှန်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် သူ့ကို အချုပ်ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇနီးဖြစ်သူအနေနဲ့ အဲဒီနေ့ညမှာမှ ကိုရာဇာအောင် ဖမ်းခံလိုက်ရတာကို သိခဲ့ရကြောင်း၊ လိုက်လံစုံစမ်းမှုတွေအရ စစ်ဆေးရုံမှာ ကုသမှုခံယူနေတာကို သိခဲ့တာကြောင့် သွားကြည့်ခဲ့ရာ ကိုရာဇာအောင်ရဲ့ မျက်နှာနဲ့ခန္ဓာကိုယ်မှာ အညိုအမဲဒဏ်ရာတွေ တွေ့ခဲ့ကြောင်း၊ ဒူးခေါင်းမှာလည်း သေနတ်ဒဏ်ရာကို တွေ့ခဲ့ရပြီး လက်ကိုလည်း လက်ထိပ်ခတ်ထားတာကို တွေ့ခဲ့ရကြောင်း ဇနီးဖြစ်သူ မဖြူဖြူဝင်းက ပြောပြပါတယ်။

“ အဲဒီနေ့က ညဈေးမှာဖြစ်တာ ညကျတော့ သူက ပြန်မလာ ပြန်မလာနဲ့ လိုင်းပေါ်မှာ တွေ့လိုက်တာ သူ့ကို။ ရပ်ကွက်ထဲကလူတွေကလည်း နင့်ယောကျာ်း ရဲကားနဲ့ ပါသွားတာ သွားကြည့်လိုက်ဦး ဆိုပြီးတော့မှ အဲဒီတော့မှ သိတာ။ သူ့ကို ဘယ်မှာမှ ရှာမတွေ့ဘူး။ စုံစမ်းလို့လည်း မရဘူး။ မေးရင်းနဲ့မှ သတင်းအစအန ရလာပြီးတော့ ဒီနေ့မနက်ကမှ သူ့ကို စစ်ဆေးရုံမှာ တွေ့တာ။ ကျွန်တော်သွားတော့ သူ့ကို ရေတွေ ဘာတွေ တိုက်ခဲ့သေးတယ်။ သူက ဂယောင်ခြောက်ခြားစကားတွေ ပြောပြီး ကျွန်တော့်ကိုလည်း မမှတ်မိဘူး။ သူ့ကို ကုတင်ပေါ်မှာ လက်ထိပ်ခတ်ထားတယ်။ ခြေထောက်ကလည်း ကြိုးချည်ထားတယ်။ တစ်ဖက်လက်မှာက ဆေးသွင်းထားတယ်။ မျက်နှာမှာရော၊ ရင်ဘတ်မှာရော ဒဏ်ရာနဲ့၊ ခြေသလုံးမှာလည်းသေနတ်မှန်ထားတာ ထိုးထွင်းဖောက်ပဲ။ “ လို့ မဖြူဖြူဝင်းက ပြောပြပါတယ်။

ဖေဖော်ဝါရီ (၂၀) ရက်က မန္တလေးမြို့ ကမ်းနားလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းစဉ် ကိုသက်နိုင်ဝင်း (ခ) ကိုမင်းမင်း၊ မောင်ဝေယံထွန်းတို့ (၂) ဦးဟာ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူတွေ၊ ဒဏ်ရာရသူတွေ (၅၀) ထက် မနည်းရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒဏ်ရာရပြီး ဖမ်းဆီးခံရသူတွေထဲမှာ အသက် (၂၀) ကျော်အရွယ် ကိုရာဇာအောင်ဆိုသူက ဒီကနေ့ ဖေဖော်ဝါရီ (၂၄) ရက်မှာ ဆုံးပါးသွားခဲ့တယ်လို့လည်း ပရဟိတမင်းခေါင် လူမှုကယ်ဆယ်ရေးအဖွဲ့ကလည်း အတည်ပြုခဲ့ပါတယ်။


Author

  • Duwun

က္က