ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးလည်းဆောင်ရွက်ပေးခဲ့ပါတယ်။

ယခင်နေ့တွေက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပြည်သူတွေရောက်ရှိမလာနိုင်အောင် ဆူးလေက ပိတ်ထားတဲ့လမ်းတွေကို ဒီမနက် တပ်မတော်ထောက်ခံသူတွေရောက်ရှိလာတဲ့အခါမှာတော့ ရဲတပ်ဖွဲ့က ပိတ်ထားတဲံ လမ်းတွေကို ပြန်ဖွင့်ပေးလိုက်ပါတယ်။

တပ်မတော် ထောက်ခံသူ (၁၀၀၀)ကျော်လောက်က ဒီကနေ့မနက်မှာတော့ ဆူးလေမှာ လှည့်လည်လမ်းလျှောက်ကာ တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့တာလည်းဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်ကပိတ်ထားတဲ့လမ်းတွေကို ဖွင့်ပေးခဲ့သလို လုံခြုံရေးကာကွယ်ဆောင်ရွက်ပေးခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။

“ မြင်ရတဲ့ဖြစ်စဉ်က ဒီလမ်းကို ရဲတွေက ပိတ်ထားတယ်။ သူတိုအဖွဲ့လာတော့ ရဲတွေက ဖွင့်ပေးတယ်။ ဒါက ပြည်သူ့ရဲက လုပ်သင့်လုပ်ထိုက်တဲ့တာဝန်ရှိလား။ သူတို့လည်း ပြည်သူဆို ကျွန်တော်တို့လည်းပြည်သူ။ ကျွန်တော်တို့ဆန္ဒပြရင်လည်း ကျွန်တော်တို့ကိုလည်းဖွင့်ပေးသင့်တယ်။ သူတို့ကိုကျခုလိုလုပ်ပေးရင် ဘက်လိုက်တဲ့ပြည်သူ့ရဲဖြစ်သွားပြီ။ ပြည်သူ့ရဲလို့တောင်ခေါ်လို့မရတော့ဘူး။ အဘရဲလို့ပဲခေါ်ရတော့မယ်”လို့ စစ်အာဏာရှင်ကို ကန့်ကွက်ဆန္ဒပြသူတစ်ဦးကပြောပါတယ်။

တပ်မတော်ထောက်ခံသူတွေကို လသာ၊ဒေါပုံ၊ ကွမ်းခြံကုန်းဘက်ကနေ YBS ယာဉ်တွေနဲ့ သွားရောက်ခေါ်ဆောင်ခဲ့တာဖြစ်ပြီးမြို့ထဲရောက်မှသာ လမ်းလျှောက်လှည့်လည်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က တပ်မတော််ထောက်ခံသူတွေ လာရောက်ချိန်မှာ ပိတ်ထားတဲ့ လမ်းတွေကို ဖွင့်ပေးပြီးနောက် စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေ လာရောက်ချိန်မှာတော့ လမ်းပြန်ပိတ်ဖို့ ပြုလုပ်တဲ့အတွက် ဆန္ဒပြသူများက ဝိုင်းဝန်းကန့်ကွက်တဲ့အခါမှာ လမ်းတွေကို ပြန်မပိတ်တော့ဘဲ ဆက်လက်ဖွင့်ပေးထားတယ်လို့လည်း သိရပါတယ်။

ဒီကနေ့ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သူတွေကလည်း “ မြန်မာ့သနပ်ခါးတိုက်ပွဲ”အဖြစ် သနပ်ခါးလိမ်းခြယ်ကာ လူသောင်းချီ လမ်းမပေါ်ရောက်ရှိနေတာလည်းဖြစ်ပါတယ်။



က္က