တပ်ထောက်ခံသူတွေက ရဲတွေပြန်ခေါ်သွားခဲ့တယ်လို သိရပါတယ်။

တပ်မတော်ထောက်ခံသူတွေ ရန်ပြုမှုကြောင့် သိမ်ဖြူမီးရထားဝင်းက ရပ်ကွက်နေပြည်သူတွေအယောက် (၂၀) ‌ကျော် ဒဏ်ရာရရှိခဲ့ပြီး ကလေးတွေပါ ပါဝင်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်စန်းဝင်းက ပြောပြပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာ တပ်ထောက်ခံသူတွေဟာ သိမ်ဖြူမီးရထားဝင်းထဲကို ဝင်လာတာကြောင့် ရပ်ကွက်နေပြည်သူတွေက သံပုံးတီးခဲ့ရာမှာ တပ်မတော်ထောက်ခံသူတွေက ဆဲဆိုကာ ခဲတွေ၊ ဖန်ဂေါ်လီတွေနဲ့ လေးဂွတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့လည်း သိရပါတယ်။



“ ရပ်ကွက်နေအမျိုးသမီးတွေက သံပုံးတီးတယ်။ ဟိုဘက်ကလူတွေက လှမ်းဆဲတယ်။ ပုဆိုးတွေ လှန်ပြတယ်။ အဲဒီမှာ သူတို့ထဲက တစ်ယောက်က ချကွာ ဆိုပြီးတော့ ဝင်ပြီးတော့ နှိုးဆော်ပေးတော့ ဝိုင်းချကြတာ။ အဲဒီမှာလူတွေက ခေါင်းတွေကွဲ၊ ကျောတွေပေါက်ပြီး အကုန်ဒဏ်ရာတွေ ရကြတယ်။ ကလေးတစ်ယောက်လည်းမျက်စိထိသွားတယ်။ အန်တီလည်း ခေါင်းပေါက်သွားတယ်” လို့ ဒေါ်ခင်စန်းဝင်းက ပြောပါတယ်။

ရပ်ကွက်နေအမျိုးသားတွေက တပ်ထောက်ခံသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ အယောက် (၅၀) ကျော် ထိန်းသိမ်းမိခဲ့ပြီး ရဲတပ်ဖွဲ့က ရဲကားတွေနဲ့ လာခေါ်ခဲ့တာကြောင့် ညှိနှိုင်းပြီး ပြန်လွှတ်ပေးလိုက်ရတယ်လို့ သိရပါတယ်။

 “ ပထမ အန်တီတို့ ဖမ်းမိတဲ့ (၉) ယောက်ကို လာခေါ်သွားတယ်။ ပြီးတော့ကားတွေနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ နောက်ထပ် (၅၀) ကျော် ပြန်မိတယ်။ အန်တီတို့ ရှေ့မှာ ရဲကားတွေ၊ ဒိုင်းတွေနဲ့ ဝင်လာတယ်။ အဲဒီမှာ ပြန်လွှတ်ပေးလိုက်ပါဆိုတော့ သူတို့မှတ်တမ်းတွေယူပြီး ပြန်လွှတ်ပေးလိုက်တယ်။ သူတို့ကို စစ်ဆေးကြည့်တော့ စစ်မှုထမ်းဟောင်းကတ်ပြား၊ အနီအစိမ်းဖဲကြိုး ထုတ်တွေလည်း တွေ့တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် နေ့စားငွေစာရင်းစာအုပ်တွေပါ သိမ်းဆည်းမိခဲ့တယ်လို့လည်း မျက်မြင်တွေ့ရှိသူ ရပ်ကွက်နေပြည်သူတစ်ဦးကလည်း ပြောပြပါတယ်။ ဒီကနေ့မနက်မှာ တပ်မတော်ထောက်ခံသူ (၁၀၀၀)ကျော်လောက်က ဆူးလေမှာ လှည့်လည်လမ်းလျှောက်ကာ တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့တာလည်းဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်ကပိတ်ထားတဲ့လမ်းတွေကို ဖွင့်ပေးခဲ့သလို လုံခြုံရေးကာကွယ်ဆောင်ရွက်ပေးခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ အဲဒီနောက် တပ်မတော်ထောက်ခံသူတွေက သိမ်ဖြူမီးရထားဝင်းထဲကို လာရောက်ဖို့ ကြိုးစားခဲ့ရာမှာ ရပ်ကွက်နေပြည်သူတွေက သံပုံးတီးခဲ့ပြီးတဲ့နောက် အဓိကရုဏ်းဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။



က္က