ပြည်မြို့ရပ်ကွက်အချို့ကပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကခန့်အပ်တဲ့ ရပ်ကျေးကောင်စီ အုပ်ချုပ်ရေးမှူးတွေကို လက်မခံကြောင်း ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မှာ စတင်ဆန္ဒပြခဲ့ကြပြီး ရပ်ကွက်ရုံးကိုပြည်သူပိုင်အဖြစ်သိမ်းလိုက်တဲ့အပြင်အဖြူရောင်အင်္ကျီတစ်ထည်ကို အလံအဖြစ်လွှင့်တင်ခဲ့ကြတယ်လို့သိရပါတယ်။

လက်ရှိမှာ အုပ်ချုပ်ရေးမှူးရုံးတွေကို ပြည်သူပိုင်အဖြစ်သိမ်းလိုက်ပြီးရပ်ကွက်နေပြည်သူများက အုပ်ချုပ်မယ်လို့ တရားဝင်ကြေငြာကာရုံးကိုသော့ခတ်ခဲ့ပါတယ်။ စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူးကို ရပ်ကွက်ကလက်မခံကြောင်းဆန္ဒထုတ်ဖော်မှုကို ပြည်မြို့ ဆံတော်ရပ်ကွက်၊ ခေတ္တရာရပ်ကွက်နှစ်ခုကစတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ "စစ်တပ်အောက်ကနေ အုပ်ချုပ်မယ့်အုပ်ချုပ်ရေးမှူးကို အလိုမရှိတာ၊ ဒါကြောင့် ပြည်မြို့မှာ အခုလိုစတင်တာဖြစ်တယ်၊အခုဆိုကျွန်တော်တို့ပြည်မှာ ဆံတော်ရပ်ကွက်နဲ့ ခေတ္တရာနှစ်ခုကနေစတာပေါ့။ အုပ်ချုပ်ရေးရုံးကို ပြည်သူပိုင်းသိမ်းလိုက်တယ်။ စာတန်းပါရေးဆွဲခဲ့တယ်"လို့ ဆံတော်ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။



နောက်ပြီး စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေကိုအလိုရှိကြောင်းဆန္ဒပြမှုနဲ့အတူ အုပ်ချုပ်ရေးမှူးတွေဘက်ကလည်း စစ်ကောင်စီအောက်မှာ အလုပ်မလုပ်နိုင်ကြောင်း နုတ်ထွက်တဲ့ကိစ္စတွေကို စတင်လုပ်ဆောင်လာကြပြီဖြစ်ပါတယ်။ "နဝင်းရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဝက်ထီးကန်ဘက်က ရွာတစ်ရွာကအုပ်ချုပ်ရေးမှူးလည်းနုတ်ထွက်တယ်လို့သိရတယ်။နောက်ထပ်နုတ်ထွက်တာတွေလည်း ရှိလာနေတယ်။ ကျွန်တော်တို့ကတော့ စစ်အာဏာရှင်ကိုလည်းဆန့်ကျင်တယ်။ စစ်အာဏာရှင်ကခန့်တဲ့ သူကိုလည်းလက်မခံဘူး"လို့ ပြည်မြို့ ခံတစ်ဦးကပြောပါတယ်၊

စစ်ကောင်စီက ခန်တဲ့အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်းဆန္ဒပြပြည်သူတွေကတော့ "ပြည်သူကရွေးကောက်တင်မြှောက်မထားတဲ့ အုပ်ချုပ်ရေးမှူးအလိုမရှိ၊ စစ်ကောင်စီမှခန့်အပ်တဲ့အုပ်ချုပ်ရေးမှူးကို အလိုမရှိ ၊ မိမိရပ်ကွက်ကို ရပ်ကွက်သူ၊ ရပ်ကွက်သားများကသာအုပ်ချုပ်မယ်" စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

ပြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်လှိုင်ဝင်းကလည်း ပြည်သူတွေ အနေနဲ့ စစ်ကောင်စီက ခန်တဲ့ရပ်ကျေးကောင်စီတွေကို အဖက်မလုပ်ခြင်း၊ လက်မခံကြောင်းပြသပြီး မိမိတို့နေအိမ်တိုင်းမှာ "ရပ်ကျေးကောင်စီကို မထောက်ခံကြောင်း၊ အဖက်မလုပ်ကြောင်း "စာတန်းတွေရေးဆွဲ ချိတ်ထားဖို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာပြည်သူကိုမိန့်ခွန်းပြောဆိုထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။ 



က္က