ရန်ကုန်က CDM ဝန်ထမ်းတွေရုံးတက်တယ်ဆိုတဲ့အတွက် နယ် CDM တွေ ပြန်ရုပ်သိမ်းဖို့လုပ်နေတယ်လို့ ပြောပါတယ်။
Htar Htar Wai

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ အင်းစိန်ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ(တာဘိုင်)မှာ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကို ရုံးအတက်စာရင်းပြတာကြောင့် ဝန်ထမ်းတွေ အထင်လွဲခံနေရတယ်လို့ CDM ပြုလုပ်သူ အင်ဂျင်နီယာဝန်ထမ်းတစ်ဦးက Duwun ကို ပြောပါတယ်။

နေ့စားဝန်ထမ်းအပါ အင်အား၁၅၀ ဝန်းကျင်မှာ ဝန်ထမ်း ၈၀ ကျော် CDM လုပ်ထားပေမယ့် ဒီဝန်ထမ်းတွေ ရုံးတက်လက်မှတ်မထိုးဘဲ နေပြည်တော်က ဝန်ကြီးဌာနဘက်ကို လူပြည့် ရုံးအတက် စာရင်းပေးပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။



" ဝန်ထမ်းပျက်ကွက်တွေ ခွင့်စာရင်းတွေတောင်းတော့ ဝန်ထမ်းတွေဆန္ဒမမေးသလို ရုံးတက်လက်မှတ်ထိုး တာလည်းမရှိဘဲ All Present ပေးလိုက်တယ်။ ဒီလ ၈ရက်နေ့က ရုံးမတက်ကြ တာဖြစ်လို့ လက်မှတ်သွား မထိုးခဲ့ကြဘူး။ဒါကို Attendance လာထိုးခိုင်းမယ်ထင်တာ။ လာတောင်မထိုးခိုင်းဘဲ All Present ဆိုပြီး ရုံးချုပ်ကိုပို့လိုက်တယ်။ ဒီမှာက CDM ကို ပြင်းပြင်းထန်ထန်လုပ်နေတာပါ" လို့ အင်းစိန်ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ CDM ဝန်ထမ်းတစ်ဦးက Duwun ကို ပြောပါတယ်။

ဒီလို နေပြည်တော်ရုံးချုပ်ကို ပေးပို့တဲ့ စာရင်းကြောင့် နယ်မှာရှိတဲ့ ဌာနခွဲတွေက CDM ဝန်ထမ်းတွေက အင်အားနည်းတဲ့အတွက် ကြောက်ရွံ့ပြီး CDM ကို ပြန်ရုပ်သိမ်းတော့မယ်လို့ ပြောဆိုကြောင်း ရန်ကုန်က ဝန်ထမ်းက Duwun ကို ပြောပါတယ်။

" ကိုယ်တွေက လစာတောင်မယူဘူး။ ကိုယ်တွေမရလည်း CDM မှာ ပူးပေါင်းပါဝင်တာက အောက်ခြေဝန်ထမ်းတွေ အများစုပါတော့ သူတို့အခက်အခဲရှိတဲ့အတွက် အလှူခံပြီး သူတို့ကို ကူညီမယ်တွေးထားတာ။အခု ဒီလိုဖြစ်တော့ နယ်က CDM သမားတွေကပါ ဖုန်းလှမ်းဆက်တယ်။ ဌာနတူတွေကပေါ့နော်။ ဒီကလူတွေက All Present ဖြစ်သွားတော့ သူတို့က CDM ဆက်လုပ်ဖို့ ကြောက်သွားပြီပေါ့နော်။သူတို့က နယ်လည်းဖြစ် လူလည်းနည်းတဲ့အပြင် အင်အားရဲ့ တစ်ဝက်လောက်ပဲ CDM လုပ်တာဆိုတော့ အခုဒီလိုဖြစ်တော့ CDM မလုပ်တော့ဖို့ စဉ်းစားနေကြပြီ" လို့ အင်းစိန်ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဝန်ထမ်းတစ်ဦးက Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ အင်းစိန်မြို့နယ်မှာဆိုရင် CDM ကို ပညာရေးဝန်ထမ်းများ ၊ မြန်မာ့မီးရထားဝန်ထမ်းများနဲ့ အင်းစိန်ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ(တာဘိုင်)က ဝန်ထမ်းတွေက အင်တိုက်အားတိုက် လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။


Author

  • Htar Htar Wai

က္က