အဆိုပါ ရှစ်ဦးက အောင်ဆန်းကွင်းရှေ့ ကားမှန်တွေရိုက်ခွဲတဲ့ ဖြစ်စဉ်ကနေ ထွက်ပြေးလာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
Htar Htar Wai

ဖေဖော်ဝါရီ ၂၅ရက် မနက်ပိုင်းက အောင်ဆန်းကွင်းအနီး ၊ ဘူတာကြီးရှေ့မှာ အငှားယာဉ်တစ်စီးကို ကားမှန်ရိုက်ခွဲတဲ့ ဖြစ်စဉ်အပြီး လူအုပ်ထဲက ပြေးထွက်သွားတဲ့ တပ်မတော်ထောက်ခံသူအဖွဲ့က ရှစ်ဦးကို Happy Taxi Family ပရဟိတအသင်းက စစ်ဆေးထွက်ဆိုချက်ယူပြီး နေရပ်ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ အောင်ဆန်းကွင်းကို ခရီးသည်လာရောက်ပို့ဆောင်တဲ့ အငှားယာဉ်ပေါ်ပါ ခရီးသည်က လက်သုံးချောင်ထောင်အလေးပြုတဲ့အတွက် လူတစ်ချို့က ကားမှန်တွေရိုက်ခွဲခဲ့ပြီး ခရီးသည်ကိုပါ ရန်ပြုခဲ့တယ်လို့ သိရပါတယ်။



" ကျွန်တော်တို့အဖွဲ့က တက္ကစီတစ်စီးမှာ ခရီးသည်က အောင်ဆန်းကွင်းကိုငှားတယ်။ အဲဒါကိုလိုက်ပို့တာ ။ ခရီးသည်က လက်သုံးချောင်းထောင်ပြီး အခုဆန္ဒပြတဲ့ပုံလုပ်တယ်ဗျာ။အဲဒီတော့ ငါးထောင်စားအဖွဲ့က လူတွေက တုတ်နဲ့ကားမှန်တွေရိုက်ခွဲကြတယ်။ ခရီးသည်ကိုလည်း ဆွဲချပြီး ဓားနဲ့ရန်မူတယ်လို့ ကြားတယ်။ကားမှန်ကတော့ ပတ်ပတ်လည် အကုန်ကွဲသွားတယ်။ ရိုက်ခွဲပြီးမှ ကျွန်တော်တို့က ရောက်သွားတာ။အဲဒီတော့ အဲဒီကနေ ထွက်ပြေးတဲ့ အုပ်စုက သမ္မတရုပ်ရှင်ရုံရှေ့မှာ ကားနှစ်စီးခွဲပြေးတော့ လိုက်တာ တစ်စီးကို ဆူးလေဘုရားနဲ့ကမ်းနားလမ်း ထောင့်မှာမိတယ်။အဲဒီမှာ သူတို့ကို စစ်မေးပြီး ဆိပ်ကြီးခနောင်တိုကဆိုလို့ ပြန်ပို့လိုက်တယ် " လို့ Happy Taxi Family ပရဟိတအသင်းက ယာဉ်မောင်းက Duwun ကို ပြောပါတယ်။

တပ်မတော်ထောက်ခံသူအဖွဲ့မှာပါဝင်ခဲ့တဲ့ ဆိပ်ကြီးခနောင်တိုက လူရှစ်ဦးမှာ အမျိုးသားလူငယ်သုံးဦးနဲ့ အမျိုးသမီးငါးဦးဖြစ်ပြီး ဆိပ်ကြီးခနောင်တို သူတို့ရပ်ကွက်ထဲက ကိုစိုးစိုး ၊ မမာမာဝင်း တို့က ခိုင်းစေခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။

" ကလီ ဝါးတန်းသင်္ဘောဆိပ်မှာ စောင့်နေတယ်။ပြန်ဖို့စောင့်နေတယ်။သူများအော်သလိုအော် လက်သုံးချောင်းထောင်ဆိုပြီး ပြောပြီးခေါ်လာတာ။ ခေါင်းဆောင်က ကိုစိုးကြီး ။ ဆိပ်ကြီး ခနောင်တိုကပဲ ကိုစိုးစိုး မမာမာဝင်း " လို့ တပ်မတော်ထောက်ခံပွဲမှာ ပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၅ရက် မနက်ပိုင်းမှာ ဆူးလေနဲ့အနီးတဝိုက် တပ်မတော်ထောက်ခံသူတွေက ဆန္ဒပြ ပြည်သူတွေဘက်ကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ပြည်သူတစ်ဦး ဓားနဲ့ထိုးခံရမှုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။


Author

  • Htar Htar Wai

က္က