နေပြည်တော်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
Ei Ei Htun

နေပြည်တော်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌဦးမင်းသူက ဒီကနေ့ မနက်အစောပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ သူနေထိုင်တဲ့နေအိမ်မှာ ဖမ်းဆီးခံရတာမဟုတ်ဘဲ အပြင်မှာဖမ်းဆီးခံရတာဖြစ်ပါတယ်။

မနက် (၄)နာရီလောက်ကဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး  ဒီမနက် (၈)နာရီလောက်မှ ဦးမင်းသူ အဖမ်းခံရတယ်ဆိုတာသိတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။



“ အမတို့က ခုမနက်မှ သူများပြောလို့သိရတာ။ အိမ်မှာအဖမ်းခံရတာမဟုတ်တော့ ဘယ်လိုပုံစံနဲ့ ဖမ်းဆီးသွားလည်းဆိုတာလည်း မသိရပါဘူး။ သူက အရင်ရက်တွေကတည်း အိမ်မှာပြန်မနေဘူး။ အပြင် အဆင်ပြေတဲ့တစ်နေရာမှာနေနေတာ။ ဘာလို့ဆို (၈)ရက်နေ့ မနက် အစော (၄)ခွဲလောက်ကလည်း အိမ်ကိုလာရှာသွားတယ်.. စစ်တပ်ကလူတွေ။ ဦးမင်းသူရှိလားဆိုပြီးလာတော့ သားသားက မရှိဘူး အမေနဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်းရှိတယ်ပြောတော့ အိမ်ထဲဝင်ရှာမယ်ဆိုပြီး ဝင်ရှာတယ်။ မတွေ့တော့ သူတို့အထက်လူကြီးကို ဖုန်းဆက်ပြီး ဦးမင်းသူတော့မရှိဘူး..သူ့မိန်းမကို ဖမ်းခဲ့ရမလားမေးတော့ ဟိုဘက်က မဖမ်းနဲ့လို့ ပြောလားမသိဘူး ဒီတိုင်းပြန်သွားကြတယ်။ အခုဆိုလည်း ဦးမင်းသူဖုန်းကိုဆက်တာလည်းမရဘူး၊ ဘာသတင်းမှလည်း မကြားရတော့ အရမ်းစိတ်ပူနေပါတယ်”လို့ ဇနီးဖြစ်သူကDuwun ကိုပြောပါတယ်။

ဦးမင်းသူက ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ (၂)ရက်နေ့မှာတော့ နေပြည်တော်စည်ပင်သာယာရေးကော်မတီတာဝန်ကနေ နှုတ်ထွက်ပြီး ပါတီလုပ်ငန်းတွေသာဆက်လက်ဆောင်ရွက်ခဲ့တာပါ။ ဝန်ထမ်းအလုပ်ကထွက်လိုက်တဲ့ အတွက် ဝန်ထမ်းအိမ်ယာကနေ ပြောင်းရွှေပေးခဲ့ရတာကြောင့် လက်ရှိမိသားစုကနေပြည်တော်မှာ အိမ်ငှါးနေနေတာဖြစ်တယ်လို့ ဇနီးဖြစ်သူကပြောပါတယ်။

လက်ရှိနေပြည်တော်မှာ သားဖြစ်သူနဲ့ ဇနီးဖြစ်သူက အိမ်ငှါးနေနေတာဖြစ်ပြီး မိခင်ရဲ့ကျန်းမာရေးကြောင့် မိခင်ဖြစ်သူနဲ့ သမီးကိုတော့ မန္တလေးကနေအိမ်ကို ‌ခေတ္တပို့ဆောင်ထားတယ်လို့ ဇနီးဖြစ်သူကပြောပါတယ်။ လက်ရှိမှာ ဇနီးဖြစ်သူအနေနဲ့ ဦးမင်းသူဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ ဘယ်လိုခေါ်သွားလဲ၊ဘာကြောင့်ခေါ်သွားလဲ၊ဘယ်နေရာကိုဘယ်လိုလူတွေကခေါ်သွားလဲဆိုတာကို စုံစမ်းနေတုန်းပဲလို့ သိရပါတယ်။


Author

  • Ei Ei Htun

    Content Writer/Reporter


က္က