ရဲစခန်းရှေ့မှာ စောင့်ဆိုင်းနေရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ (၂၆) ရက် မနက်ပိုင်းက မြေနီကုန်းဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းစဉ် ဖမ်းဆီးခံလိုက်ရတဲ့ ဆေးတက္ကသိုလ် (၂) ကျောင်းသားကို ပြန်လွှတ်ပေးဖို့ စမ်းချောင်းရဲစခန်းရှေ့မှာ ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ်နဲ့ ကျောင်းသားတွေ၊ ရှေ့နေအဖွဲ့တွေကစောင့်ဆိုင်းနေတယ်လို့ ဆေးတက္ကသိုလ် (၂) ကျောင်းသားတစ်ဦးက ပြောပါတယ်။ 

'’ ကျောင်းသားအဖွဲ့တွေရော၊ဆရာကြီးနဲ့ မော်ကွန်းထိန်းရော၊ ရှေ့နေအဖွဲ့တွေရော ရောက်နေတယ်။ တစ်ဖွဲ့ပြီး တစ်ဖွဲ့သွားပြောတယ်။ အခုထိ တွေ့ခွင့်မရသေးဘူး။ ဖမ်းထားတဲ့ ကျွန်တော်တို့ ကျောင်းသားကိုလည်း မတွေ့ရသေးဘူးလို့" လု့ိ ဆေးတက္ကသိုလ် (၂) ကျောင်းသားကော်မတီဝင် အဖွဲ့ဝင် မောင်သီဟက ပြောပြပါတယ်။



ရဲတွေနဲ့ ညှိနှိုင်းလို့မရသေးဘဲ ရဲစခန်းအတွင်းမှာတော့ ဖမ်းခံရတဲ့ကျောင်းသားက လုံလုံခြုံခြုံနဲ့ ရှိနေသေးတယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Duwun သတင်းမေးမြန်းနေစဉ်အချိန်မှာပဲ ရဲတွေရောက်လာလို့ စောင့်ဆိုင်းနေသူတွေ ပြေးနေရတယ်လို့ ဆေးတက္ကသိုလ် (၂) ကျောင်းသားကော်မတီအဖွဲ့ဝင် မောင်သီဟက ပြောပြပါတယ်။

ဒီနေ့ မနက်က ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားဟာ ဆေးတက္ကသိုလ် (၂) နောက်ဆုံးနှစ် အပိုင်း (က) တက်ရောက်နေသူဖြစ်ပြီး ဆန္ဒပြသူတွေကို ရေဘူးတွေ လိုက်လံဝေစဉ် ရဲတပ်ဖွဲ့က အုပ်စုလိုက် အနားကပ်လာပြီး အကြမ်းဖက် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ ဆေးတက္ကသိုလ် (၂) ကျောင်းသားကို အမှုမဖွင့်ဘဲ လွတ်လွတ်ကင်းကင်းလွတ်မြောက်တဲ့အထိ ပါမောက္ခချုပ်နဲ့ ကျောင်းသားတွေ၊ ရှေ့နေတွေက ပူးပေါင်း လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။



က္က