ဖမ်းဆီးတဲ့သူတွေထဲမှာ အရပ်ဝတ်နဲ့လူအချို့လည်းပါဝင်တယ်လို့သိရပါတယ်။
Ei Ei Htun

မုံရွာမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့ပြီး ဆန္ဒပြသပိတ်ခေါင်းဆောင်တွေအပါအဝင်၊ပြည်သူအချို့နဲ့ သတင်းထောက်အချို့ဖမ်းဆီးခံခဲ့ရပြီး မုံရွာဂေဇက်ဂျာနယ်က CEOလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဒီမနက် မုံရွာမြို့ ဗိုလ်ချုပ်လမ်းမှာ ဆန္ဒပြနေတဲ့ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဘက်ကဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကို liveလွှင့်နေတဲ့သူတွေကို အဓိကထားဖမ်းကာ ဖုန်းတွေကိုရိုက်ခွဲခဲ့တယ်လို့ မုံရွာဂေဇက်ဂျာနယ်အယ်ဒီတာချုပ် ကိုသစ္စာက Duwunကိုပြောပါတယ်။



“ ကျွန်တော်တို့ CEOလည်းအဖမ်းခံရတယ်။ Liveလွှင့်နေတဲ့ အချိန်မှာဖမ်းခံရတာ။ ခုတော့ဘယ်ခေါ်သွားမှန်းမသိဘူး။ တခြားဆန္ဒပြသပိတ်ခေါင်းဆောင်တွေလည်းဖမ်းဆီးခံရသလို ပုန်းနေရတဲ့သူတွေလည်းရှိတယ်။ ကျွန်တော်တို့ဆီက ဒီနေ့ မြေပြင်မှာသတင်းယူဖို့ CEOအပါ ၄ယောက်ရောက်နေတာ။ ခု CEOကအဖမ်းခံထားရတယ်။ ကျန်သုံးယောက်က လုံခြုံတဲ့နေရာမှာ ပုန်းနေရတယ် ခုထိတော့ပြန်ထွက်လို့မရသေးဘူး”လို့ ကိုသစ္စာကပြောပါတယ်။

ဝင်ရောက်ဖမ်းဆီးတဲ့ သူတွေထဲမှာ ယူနီဖောင်းနဲ့မဟုတ်ဘဲ အရပ်ဝတ်တွေနဲ့ ဝင်ရောက်ဖမ်းဆီးတာတွေလည်းရှိတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ နှစ်ဦးနှစ်ဖက် ဖမ်းဆီးရိုက်နှက်တာမျိုးမရှိတော့ဘဲ ညှိနှိုင်းမှု လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ လတ်တလောဖမ်းဆီးခံရတဲ့သူ အရေအတွက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေရာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။


Author

  • Ei Ei Htun

    Content Writer/Reporter


က္က