စိုးရိမ်ရအခြေအနေရှိတဲ့ လူငယ်ကို အနီးအနားရှိ ဆေးခန်းမှာ ကုသမှုပေးနေပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ၊ ဘဝမြင့်မှတ်တိုင်အနီးမှာ ယနေ့မနက် ကိုးနာရီအချိန်ခန့်က ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှု ပြုလုပ်ခဲ့ပြီး လူငယ်သုံးဦး သေနတ်ထိမှန် ဒဏ်ရာရရှိထား တယ်လို့ မြို့နယ်နေ ပြည်သူတစ်ဦးက Duwun ကို ပြောပါတယ်။

အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုမှာ လူငယ်သုံးဦးထိမှန်ထားပေမယ့် တစ်ဦးက စိုးရိမ်ရတဲ့အခြေအနေရှိတာကြောင့် အနီးက ပုဂ္ဂလိက ဆေးခန်းမှာ ကုသမှုလုပ်ဆောင်နေပါတယ်။ " သုံးယောက်ထိတယ်ပြောတယ်။ပြီးတော့ အစ်မတို့လမ်းထိပ်မှာရှိတဲ့ အဲဒီဆေးရုံကို ပြေးကြတော့ အစ်မသွားကြည့်လိုက်တာ တစ်ယောက်က အခြေအနေဆိုးနေတယ်။အခု ကုပေးနေ တယ်။နောက်ဆက်တွဲတော့ မသိရသေးဘူး။လူတွေ အရမ်းများနေတော့ အစ်မလည်း ကြည့်ပြီး ပြန်ထွက်လာတာ " လို့ ပြည်သူတစ်ဦးက Duwun ကို ပြောပါတယ်။



အဆိုပါဖြိုခွင်းမှုဟာ ဆန္ဒဖော်ထုတ်ချီတက်နေတဲ့ လူအုပ်စုကို ပစ်ခတ်မှုမျိုးမဟုတ်ဘဲ လမ်းတွေထဲက ထွက်လာနေတဲ့ လူငယ်တွေဆီကို အကြောင်းမဲ့ ပစ်ခတ်မှုမျိုးဖြစ်တယ်လို့ ဖြစ်စဉ် အနီးနေထိုင်သူက Duwun ကို ပြောပါတယ်။ " သေနတ်သံကြားတော့ ကြည့်လိုက်တော့ ဘဝမြင့်နားက စပစ်တာ ။ ဒီဘက်က ဆန္ဒပြဖို့ လမ်းထဲကနေ ထွက်လာနေတဲ့သူတွေရှိတယ် အဲဒါကို ပစ်တာ ။ ကျည်အစစ်နဲ့ပစ်တာ။လူတွေ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ပစ်တာမျိုး လုံးဝမဟုတ်ဘူး " လို့ ပစ်ခတ်မှုဖြစ်စဉ်အနီး နေထိုင်သူတစ်ဦးက Duwun ကို ပြောပါတယ်။

ဒီနေ့မနက်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူတွေ ၊ သပိတ်စစ်ကြောင်းတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်း ဖြိုခွင်းမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ဒဏ်ရာရရှိသူ အများအပြားလည်း ရှိနေပါတယ်။



က္က