မနက် ၉ နာရီဝန်းကျင်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ညနေ ၃ နာရီဝန်းကျင်မှာ အားလုံး ပြန်လည်လွတ်မြောက်လာကြပါတယ်။
Htar Htar Wai

ယနေ့မနက်က ရန်ကင်းမြို့နယ် ၊ ကျောက်ကုန်းအနီး သပိတ်စစ်ကြောင်းအတွက် စုဝေးနေကြစဉ် ဖြိုခွင်းပြီး ဖမ်းဆီးခံခဲ့ရတဲ့ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များသပိတ်က ဖမ်းဆီးခံရသူ ၂၀၀ ဝန်းကျင် ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

မိဘ ၊ ဆွေမျိုး ၊ သူငယ်ချင်းတွေက အာမခံ လာရောက်ခေါ်ဆောင်ကြရတာဖြစ်ပြီး အခကြေးငွေ ပေးရခြင်း မပေးရခြင်းနဲ့ပတ်သက်ပြီး မသိရှိဘူးလို့ ဖမ်းဆီးခံ ဆေးကျောင်းသူ တစ်ဦးက Duwun ကို ပြောပါတယ်။



" ညီမ အခုလေးတင်ပဲ အိမ်ပြန်ရောက်ပါတယ်။ ဖမ်းဆီးခံရမှုမှာ အခုပြန်လွတ်လာတာက ညီမတို့က အတွင်းမှာဆိုတော့ ညီမတို့ဆီကတော့ ကိုယ်ရေးရာဇဝင်ပေါ့နော် နာမည်၊ မှတ်ပုံတင်အမှတ် ၊ ဖခင်အမည် အဲဒါကို မှတ်ပြီး ပြန်လွှတ်တာပါ။ အပြင်က တခြားကိစ္စတွေတော့ ညီမလည်း မသိပါဘူး။ ဖမ်းခံရသူအားလုံးကိုတော့ ပြန်လွှတ်ပေးပါတယ် ။ ခံဝန်ကတိလိုမျိုးပဲ ပြောရမှာပေါ့ တစ်ယောက်တစ်ရွက်တော့မဟုတ်ဘူး ငါးယောက်တစ်ရွက်ရေးပြီး လက်မှတ်ထိုးကြရတာ " လို့ ပြန်လည်လွတ်မြောက်လာသူ ဆေးကျောင်းသူတစ်ဦးက Duwun ကို ပြောပြပါတယ်။

မနက်က ဖြစ်စဉ်မှာတော့ သပိတ်စစ်ကြောင်းမှာပါဝင်သူတွေအနေနဲ့ ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရသေးခင်မှာပဲ ဖမ်းဆီးခံရတာဖြစ်ပြီး အချုပ်ကားတွေနဲ့ ခေါ်ဆောင်စဉ်မှာ ဒဏ်ရာရသူတွေ ၊ မွန်းကြပ်မူးဝေမှုကြောင့် သတိလစ်သူတွေရှိလို့ တက္ကသိုလ်ရိပ်သာလမ်းအနီး ကုသမှုပြုလုပ်ကြရတယ်လို့ သိရပါတယ်။

" ညီမတို့ဆို ဘာမှကို မလုပ်ရသေးဘူး။ Radio Bar နားမှာ လူစုနေတာ။ ဒိုင်းတွေကို ရိုက်ပြီးချီတက်လာသလို အသံကြားလိုက်ပြီး ပြေးဟေ့ဆိုတဲ့အသံကြားတော့ လူတွေတိုက်မိကုန်မှာ စိုးလို့ စနစ်တကျ နောက်ပြန်ဆုတ်ပြေးကြမယ်ပေါ့ လုပ်နေရင်းကို အဝိုင်းခံလိုက်ရတာ။ ဘယ်လိုပိတ်မိသွားမှန်းကို မသိဘူး။ ပြေးဝင်စရာ ရပ်ကွက်လည်းမရှိဘူး။ နံရံနဲ့ကားတွေနောက်မှာ ဝပ်ချလိုက်ပြီး အသာတကြည်ပဲ အဖမ်းခံလိုက်တယ်။ ဖမ်းသွားတော့ ကားတွေပေါ်မှာ တစ်စီးကို လူသုံးလေးဆယ်တင်တာ။ အဲဒါ ဒဏ်ရာရသူတွေ ၊ မူးပြီးသတိလစ်သူတွေရှိတော့ တက္ကသိုလ်ရိပ်သာလမ်း အမေရိကန်သံရုံးနားမရောက်ခင် ခဏနားတယ်။ ပြီးမှ မင်းဓမ္မဘက်က ကွာရန်တင်းစင်တာကို ခေါ်သွားတာ " လို့ ပြန်လည်လွတ်မြောက်လာသူ ဆေးကျောင်းသူတစ်ဦးက Duwun ကို ပြောပြပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက်ဟာ ပြည်လုံးကျွတ်ဆန္ဒဖော်ထုတ်ပွဲဖြစ်သလို လူငယ်တွေအနေနဲ့လည်း Milk Tea Alliance Day အဖြစ် စုပေါင်းဆန္ဒဖော်ထုတ်ကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒဖော်ထုတ်မှုမှာ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များသပိတ်စစ်ကြောင်းအနေနဲ့ ရန်ကုန်မြို့မှာလည်း စုဝေးပြီး ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပြီး ဆေးတက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ ၊ ဆရာဝန်များ နဲ့ ဆေးနှီးနွယ်တက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူတွေ ပါဝင်ခဲ့ကြတာပါ။


Author

  • Htar Htar Wai

က္က