ဒီနေ့ မနက်ပိုင်းမှာ ဖမ်းဆီးခံ ကျောင်းသားရဲ့မိခင်က အမှတ်(၇၉)တပ်သို့သွား၍ သားဖြစ်သူနှင့် တွေ့ဆုံခွင့်တောင်းရာ တပ်မှာ မရှိတော့ဘူးလို့ ပြောပါတယ်။

မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ အဝေးသင်ရေးရာတာ၀န်ခံ ကျောင်းသား ကိုနေရဲစိုးကို ရဲတပ်ဖွဲ့က မနေ့က ညနေ၃နာရီခွဲခန့် ဖမ်းဆီးသွားခဲ့ပါတယ်။

သူဟာ မိတ္ထီလာတက္ကသိုလ်က အဝေးသင် တတိယနှစ်ကျောင်းသားဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါ၀င်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကိုနေရဲစိုးကို မိတ္ထီလာမြို့ ပေါက်ချောင်းကွက်သစ်ရပ်ရှိ အမှတ်(၇၉)တပ်ထဲမှာ ဖမ်းဆီးထားတယ်ဆိုပြီး သတင်းရ၍ ကျောင်းသားများနဲ့ ပြည်သူလူထုဟာ တပ်ရှေ့မှာ မနေ့က ညနေ(၅)နာရီခန့်က ကိုနေရဲစိုးကို လွှတ်ပေးဖို့ သွားရောက်ညှိနှိုင်းခဲ့ပါတယ်။



သက်ဆိုင်ရာဘက်က ကိုနေရဲစိုးကို မနက်ခင်း လွှတ်ပေးမယ်လို့ ကတိပေးတာကြောင့် ကျောင်းသားများနဲ့ ပြည်သူလူထုဟာ လူစုခွဲပေးခဲ့ပါတယ်။ “ညနေ ၃နာရီခွဲလေက်က သူ့ကို မတရား ဖမ်းဆီးသွားတာပါ။ ဖုန်းပါ သိမ်းဆည်းသွားပါတယ်။ ၇၉တပ်ထဲမှာ ဖမ်းထားတယ် သတင်းရရချင်း ကျွန်တော်တို့ လိုက်သွားပါတယ်။ တာ၀န်ရှိသူတွေနဲ့ ညှိနှိုင်းရင်း မနက် သေချာပေါက် လွှတ်ပေးမယ်ပြောလို့ လူစုခွဲလိုက်တာပါ”လို့ ကျောင်းသားတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရသော ကျောင်းသား (ဓာတ်ပုံ - မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂ)

ဒါပေမယ့် လက်ရှိအချိန်ထိတော့ လွှတ်ပေးခြင်းမရှိသေးပဲ ဒီနေ့ ရုံးထုတ်မယ်လို့လည်း ကြားသိရပြီး ရုံးထုတ်ခြင်းလည်းမရှိခဲ့ပါဘူး။ ဒီနေ့ မနက်ပိုင်းမှာ ဖမ်းဆီးခံ ကျောင်းသားရဲ့မိခင်က အမှတ်(၇၉)တပ်ထံ သွား၍ သားဖြစ်သူနှင့် တွေ့ဆုံခွင့်တောင်းရာ တပ်မှာ မရှိတော့ဘူးလို့ ပြောပါတယ်။ အမေဖြစ်သူရဲ့ ဆန္ဒကတော့ အချုပ်ဆို အချုပ်မှာသာ ထားစေလိုတယ်လို့ သိရပါတယ်။

ဒီနေ့ ညနေပိုင်းမှာတော့ ကျောင်းသားတွေဟာ အမှတ်(၇၉)တပ်ရှေ့ကို ထပ်မံသွားရောက် ညှိနှိုင်းခဲ့ပေမယ့် တပ်ဘက်ကတော့ ဒီတပ်မှာ မရှိတော့ဘူးလို့သာ ငြင်းလွှတ်တယ်လို့ သိရပါတယ်။ နယ်မြေခံတွေရဲ့ တောင်းဆိုချက်ကြောင့် ကျောင်းသားတွေ (၆)နာရီကျော်လောက်မှာ လူစုခွဲပေးခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက် စွမ်းထက်ပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က