မန္တလေးမြို့မှာ ဒီကနေ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ရာမှာ ၃ ဦးစလုံးက ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်အထက်ပိုင်း ကျည်ဆံထိမှန် ဒဏ်ရာတွေနဲ့ချည်းဖြစ်တယ်လို့ သိရပါတယ်။

"သေနတ်ဒဏ်ရာနဲ့ချည်းပဲ သေဆုံးတာ ၃ ယောက်ပါ၊ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါ၊ အဲဒီထဲက နှစ်ယောက်က ခေါင်းကိုကျည်မှန်ပြီး သေဆုံးတာပါ၊ ကျန်တစ်ယောက်ကတော့ ရင်ဘတ်ထိတာလို့ သိရပါတယ်" လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။



သေဆုံးသူ ၃ ဦးမှာ အသက် ၄၀ ကျော်အရွယ်အမျိုးသားက ဆန္ဒပြပွဲအနီး ပစ်ခတ်ခံရလို့ ဦးခေါင်းကျည်ဆံထိမှန် သေဆုံးခဲ့တာဖြစ်ပြီး ၎င်းသေဆုံးမှုနဲ့ပတ်သက်လို့ စနိုက်ပါနဲ့ပစ်ခံရတာလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

နောက်ထပ် အမျိုးသားတစ်ဦးသေဆုံးမှုမှာတော့ ရင်ဘတ်ကို ကျည်ဆံထိမှန်တာဖြစ်ကြောင်း၊ အမျိုးသမီးတစ်ဦး သေဆုံးမှုမှာ ဦးခေါင်းကိုကျည်ဆံထိမှန်ပြီး သေဆုံးတာဖြစ်ကြောင်း ဒဏ်ရာရလူနာတွေကို ကယ်တင်ကုသပေးနေတဲ့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ယာယီဆေးရုံက အတည်ပြုချက်ပေးပါတယ်။

မန္တလေးမြို့ရဲ့ ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုအခြေအနေက မနက်ပိုင်းကတည်းကစခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ဆန္ဒပြပွဲဖြိုခွင်းမှုတွေဟာ ဆန္ဒပြသူတွေမရှိတော့တဲ့ ညနေပိုင်း ၆ နာရီကျော်အချိန်အထိ ပစ်ခတ်မှုတွေရှိခဲ့လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တဲ့အခြေအနေလည်းဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာနဲ့ဆန္ဒပြခဲ့ကြတာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံး၊ လောက်လေးခွ၊ ရာဘာကျည်၊ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့သလို မျက်မြင်သက်သေတွေရဲ့ပြောစကားအရ အထပ်မြင့်အဆောက်အဦတွေပေါ်ကနေလည်း စနိုက်ပါတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။



က္က