သေဆုံးသူဟာ အသက်(၂၃)နှစ်သာရှိသေးပြီး ဇနီးသည်မှာတော့ ကိုယ်ဝန်သုံးလရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးညီညီနဲ့ဦးသိန်းနိုင်တို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်မနက်ပိုင်းမှာ ရဲနဲ့ စစ်သားတွေက ဆန္ဒပြပြည်သူတွေကို ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်နားမှာ ကျည်ဆံထိမှန်သေဆုံးသွားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၇၁ ရပ်ကွက်မှာနေတဲ့ ကိုသန်းထွဋ်အောင်ရဲ့ နေအိမ်ကို သွားရောက်ထောက်ပံ့ကူညီပေးခဲ့ကြပါတယ်။

  ယနေ့ညနေမှာပဲ လွှတ်တော်ကိုယ်စားလှယ်ဦးညီညီနဲ့အတူ CDM Support Team South Dagon ကထောက်ပံ့ကူညီငွေ သုံးသိန်းကျပ်ကို ပေးအပ်ခဲ့ပြီး နာရေးအတွက်ကူညီလုပ်ကိုင်ပေးနေကြတဲ့ ရပ်ကွက်သူ၊ရပ်ကွက်သားတွေအတွက် ဆန်တစ်အိတ်နဲ့စားသောက်စရာတွေကိုထောက်ပံ့ပေးခဲ့ကြပါတယ်။

 ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းနိုင်က ထောက်ပံ့ငွေတစ်သိန်းကျပ်၊ဆန်နှစ်အိတ်နဲ့ကြက်သွန်နီတစ်အိတ်တို့ကို ကူညီပေးခဲ့ပြီး ရန် ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ကော်မတီ (CRYH)ကလည်း ထောက်ပံ့ကူညီငွေ ငါးသိန်းကျပ်ကို ပေးအပ်ခဲ့ကြပါတယ်။



"ကျွန်တော်တို့ဝမ်းနည်းရပါတယ်။ သူအမျိုးသမီးမှာ ကိုယ်ဝန်ကလည် းသုံးလကျန်ခဲ့တယ်။ ကျန်ရစ်တဲ့မိသားစုဝင်တွေအတွက်ကို မနက်ဖြန် ထိုင်သပိတ်စစ်ကြောင်းလုပ်တဲ့အခါမှာ တစ်ယောက်ကို တတ်နိုင်သလောက် သဒ္ဒါသလောက်ပါဝင်လှူဒါန်းဖို့အတွက် နှိုးဆော်သွားမှာပါ။ အပြစ်မဲ့ပြည်သူတွေကိုအခုလိုပစ်ခတ်တာကတော့မကောင်းဘူးပေါ့ဗျာ။ မနက်ဖြန်ဒီကလေးအတွက် ထောက်ပံ့ငွေထပ်ပေးဖို့အတွက် ကပ်ထူပုံးလည်းလုပ်ထားပြီးပြီ။ ကပ်ထူပုံးထဲကို ကိုယ်တတ်နိုင်သလောက်ထည့်ဝင်လှူဒါန်းကြစေချင်ပါတယ်"ဟုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။

ကိုသန်းထွဋ်အောင်ဟာ ၇၁ ရပ်ကွက်၊ကနောင်မင်းသားကြီး(၁)လမ်းမှာနေထိုင်တာဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ်က သူ့ရဲ့ဦးလေးနေအိမ်ကို ဇနီးဖြစ်သူနဲ့အတူသွားလည်ရင်း သင်္ဃန်းကျွန်းမြို့နယ်၊ဘဝမြင့်ရပ်ကွက်နဲ့လေးထောင့်ကန်ရပ် ကွက်ကြားမှာ ရဲနဲ့စစ်တပ်ဖွဲ့က ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို ပစ်ခတ်ဖြိုခွဲရာမှာ ကျောပြင်ကနေကျည်ဝင် လည်ပင်းကနေကျည်ပြန်ထွက်သွားပြီးအနီးနားက ပုဂ္ဂလိကဆေးခန်းတစ်ခုမှာ ဆေးကုသမှုခံယူရင်းနဲ့ သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသူဟာ သက်(၂၃)နှစ်သာရှိသေးပြီး ဇနီးသည်မှာတော့ ကိုယ်ဝန်သုံးလရှိနေပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ တပ်မတော်နဲ့ရဲတပ်ဖွဲ့ရဲ့ ဆန္ဒပြပြည်သူတွေကို အသံမိုင်း၊ မျက်ရည်ယိုဗုံံး၊ ရာဘာကျည်၊ ကျည်ဆံအစစ်တွေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အနှံ့မှာ ပစ်ခတ်ဖြိုခွဲခဲ့ကြတာကြောင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ၊မြိတ်၊ နဲ့ ထားဝယ်တို့မှာ သေဆုံးမှုတွေ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများအပြားနဲ့ ဖမ်းဆီးခံရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ 

အလွတ်တန်းသတင်း‌ထောက် ကျော်သူ ပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က