ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးခဲ့ပြီး နေ့လယ် (၁) နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
Ei Ei Htun

မုံရွာမြို့ ဇောတိကကျောင်းအနီးမှာ အထိုင်ချပြီး ဆေးကုသမှုဆောင်ရွက်ပေးနေတဲ့ ဆရာဝန်တွေနဲ့ Monywa Rescue အသင်းမှ အသင်းသားတချို့ကိို ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နေ့လယ် (၁)နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆေးကုသမှုတွေဆောင်ရွက်ပေးနေစဉ်အတွင်းမှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဆရာဝန်(၃)ဦးနဲ့Monywa Rescue အသင်းမှ အသင်းသား (၉)ဦးကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။



“ အခုပဲ ပြန်လွှတ်ပေးလိုက်ပါပြီ။ အားလုံးလည်း ပြန်ရောက်လာပြီ။ အဖမ်းခံရစဉ်အတွင်းမှာတော့ ဆရာဝန် (၃)ဦးကို မေးမြန်းစစ်ဆေးမှုတွေလုပ်တယ်ပြောတယ်။ ကျွန်တော်တို့အသင်းသားတွေကိုတော့ ဘေးမှာပဲ ထိုင်ခိုင်းထားတယ်တဲ့။ အခုအားလုံးပြန်လွတ်လာပြီဆိုတော့ ကျန်းမာရေးစောက့်ရှောက်မှုပေးတဲ့ လုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ Monywa Rescue အသင်းမှ ဒုတိယ ဥက္ကဌကိုထွေးအောင်ရင်က Duwun ကိုပြောပါတယ်။

မုံရွာမှာ ဆန္ဒပြမှုအတွင်း ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို ဆေးကုသမှုပေးနိုင်ရေးအတွက် ဆရာဝန်တွေနဲ့ Monywa Rescue အသင်းတို့ကဦးဆောင်ပြီး အခုလိုဆောင်ရွက်ခဲ့တာပါ။ လွန်ခဲ့တဲ့ (၃)ရက်လောက်ကတည်းက အခုလိုဆေးကုသမှုတွေ ပေးခဲ့ရာကနေ ဒီကနေ့မနက်ပိုင်းမှာ အခုလိုဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ပြောပါတယ်။

မုံရွာမြို့မှာ နေ့စဉ် စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ပြည်သူတွေကို ရဲတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေရှိနေပြီးတစ်နေ့ကိူ လူနာ (၁၀)ဦးနဲ့ (၁၅)ကြားမှာ ကုသမှုတွေပေးနေရတယ်လို့ ဦးထွေးအောင်ရင်ကပြောပါတယ်။ ဒီနေ့မှာလည်း မုံရွာမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ပြည်သူတွေကတော့ ဆက်လက်ဆန္ဒဖော်ထုတ်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။


Author

  • Ei Ei Htun

    Content Writer/Reporter


က္က