အိမ်ရှင်ကိုခွင့်တောင်းတာမျိုးမရှိဘဲ ခြံစည်းရိုးကို ဖျက်ဆီးဝင်ရောက်ခဲ့ကြောင်း၊ တာဝန်အရ လုပ်နေတာဟုပြောဆိုတယ်လို့ သိရပါတယ်။

ပြည်မြို့ တက္ကသိုလ်အရှေ့ အကြမ်းဖမ်း ပစ်ခတ်ဖြိုခွဲခဲ့ရမှုမှာ မျက်လုံးကိုရာဘာကျည်ထိမှန်ခဲ့တဲ့ အမျိုးသားနေထိုင်တဲ့ ပြည်မြို့ ၊အုန်းတောရပ်ကွက်က နေအိမ်ကို ဒီကနေ့မတ်လ ၁ ရက် နေ့လယ်မှာရဲတပ်ဖွဲ့က အင်အားသုံးဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဟာ နေအိမ်အတွင်းဝင်ရောက်တဲ့အခါ အိမ်ရှင်ကိုခွင့်တောင်းတာမျိုးမရှိဘဲ ခြံစည်းရိုးကို ဖျက်ဆီးဝင်ရောက်ခဲ့ကြောင်း၊ တာဝန်အရ လုပ်နေတာဟုပြောဆိုပြီး နေအိမ်အတွင်း ဝင်ရောက်ကာ ကျည်ထိအမျိုးသားကို ရှာဖွေတာမျိုးပြုလုပ်ခဲ့တယ်လို့ နေအိမ်မိသားစုဝင်တစ်ဦးကပြောပြပါတယ်။



"သူက အစ်မခဲအိုပါ၊ သူက မနေ့ကတည်းက ဆေးထည့်ပြီးကတည်းက အိမ်ကိုပြန်မလာဘူး။ အဲဒါကို အခုမနက်ကျတော့ အိမ်ကို သူရှိလားလည်း မမေးဘူး၊ ဘာမှလည်းမမေးဘဲနဲ့ ခြံတံခါးကိုအတင်းတွေ ဆောင့်ကန်ပြီး တိုးပြီးဝင်လာတာ သေနတ်တွေနဲ့။ ပြောရမယ်ဆို သူတို့က ခွင့်ကိုမတောင်းဘဲ ဇွတ်ကိုဝင်လာတာ။ နေ့ခင်းပိုင်းဆိုတော့အစ်မတို့လည်း အိမ်ရှိကြပါတယ်။ အိမ်ရှင်ရှိလားလို့လည်းမမေးဘူး။ အတင်းတွေ တွန်းကန်ပြီး ခြေထောက်တွေနဲ့ကန်ပြီး ခြံတွေဘာတွေ အတင်းတွန်းဝင်လာတာ။ အစ်မမေဆို ကင်ဆာဖြစ်နေတာ အတော်လေးလန့်သွားတယ်။ ကလေးတွေလည်း လန့်သွားတယ်။ ရပ်ကွက်ကလူတွေလာမယ် ဆိုတော့လည်း မဆိုင်တဲ့သူတွေဝင်မပါနဲ့ဆိုပြီး သေနတ်တွေနဲ့ချိန်ထားတယ်"လို့ နေအိမ်မိသားစုဝင်တစ်ဦးက ပြောပါတယ်။

နေအိမ်အတွင်းဝင်ရောက်ရှာဖွေတဲ့ ရဲအင်အား ၇ ယောက်နဲ့ ၈ ယောက်ဝန်းကျင်ရှိပြီး လမ်းမပေါ်တွင် လုံခြုံရေးရယူ ထားတဲ့ရဲတွေလည်းရှိကြောင်း၊ နေအိမ်ကိုလာရောက်ရှာဖွေကြောင်းကို ရုပ်သံမှတ်တမ်းရယူမှာကိုလည်း ရိုက်ကူးမှုမလုပ်ဖို့ပြောဆိုတာရှိတယ်လို ပြောပါတယ်။ ရဲတပ်ဖွဲ့က နေအိမ်အထိ လာရောက်ရှာဖွေခြင်းခံခဲ့တဲ့ ဦးနေလင်းဟာ မနေ့က ပြည်မြို့ တက္ကသိုလ် အရှေ့မှာ ဆန္ဒပြပြည်သူလူထုကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ဒဏ်ရာရသူတွေထဲက တစ်ဦးဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။



က္က