သင်္ဃန်းကျွန်းမြို့နယ်၊ဘဝမြင့်မှတ်တိုင်နားမှာ ကျည်ဆံထိမှန်သေဆုံးခဲ့သူပါ။
Duwun

ဖေဖော်ဝါရီ ၂၈ ရက်မနက်ပိုင်းမှာ ရဲနဲ့စစ်တပ်က ဆန္ဒပြသူများက ပစ်ခတ်ဖြိုခွင်းတဲ့အတွက် သင်္ဃန်းကျွန်းမြို့နယ်၊ဘဝမြင့်မှတ်တိုင်နားမှာ ကျည်ဆံထိမှန်သေဆုံးခဲ့တဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၇၁ ရပ်ကွက်မှာနေတဲ့ ကိုဟိန်းထွဋ်အောင်ရဲ့ ကျန်ရစ်တဲ့မိသားစုဝင်တွေကို ဒဂုံတောင်သပိတ်စစ်ကြောင်းနဲ့ပြည်သူတွေက ငွေကျပ် ၄၈ သိန်းကျော်ကို ဒီနေ့ မတ် ၁ ရက်ကထောက်ပံ့လှူဒါန်းပေးခဲ့ကြပါတယ်။

 "ဆန္ဒပြသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့သူတွေနဲ့ ပြည်သူတွေ စုပေါင်းထည့်ဝင်ငွေက ၄၈,၂၀,၁၀၀ ကျပ်ရပါတယ်။ အဲဒီစုပေါင်းထောက်ပံ့လှူဒါန်းငွေကို ဒီနေ့မှာပဲသူ့ရဲ့ကျန်ရစ်တဲ့မိသားစုဝင်တွေဆီကိုသွားပြီး လှူဒါန်းပေးခဲ့ပါတယ်။ နာရေးကိစ္စအဝဝကိုလည်း ကျွန်တော်တို့ကဝိုင်းဝန်းဆောင်ရွက်ပေးသွားမှာပါ။ သူ့ဇနီးက ကိုယ်ဝန်သုံးလ ကျန်ခဲ့တဲ့အတွက်လည်း ပိုပြီးစိတ်မကောင်းဖြစ်ရပါတယ်"လို့ လှူဒါန်းထောက်ပံ့ငွေပေးအပ်နိုင်ရန်ဦးဆောင်လှုပ်ရှားတဲ့ ဒဂုံတောင်သပိတ်စစ်ကြောင်းမှ ဦးဆောင်သူတစ်ဦးက ပြောပါတယ်။



အခုလို ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့ ကိုဟိန်းထွဋ်အောင်ရဲ့ ကျန်ရစ်တဲ့မိသားစုဝင်တွေကို ထောက်ပံ့လှူဒါန်းတာတွေလုပ်ဖို့အတွက် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ဦးညီညီနဲ့ဦးသိန်းနိုင်အပါအဝင် ရပ်မိရပ်ဖတွေက ဦးဆောင်နှိုးဆော်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်နဲ့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ကော်မတီတို့ကလည်း ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းမှာ ထောက်ပံ့လှူဒါန်းငွေ ကိုးသိန်းကျပ်နဲ့ဆန်အိတ်၊ကြက်သွန်အိတ်တွေကိုလည်း သွားရောက်ထောက်ပံ့ပေးခဲ့ကြပြီးဖြစ်ပါတယ်။

ဒီနေ့ မတ် ၁ ရက်နေ့ညနေပိုင်းမှာတော့ သေဆုံးသွားခဲ့တဲ့ ကိုဟိန်းထွဋ်အောင်ရဲ့ ရုပ်အလောင်းကို တောင်ဒဂုံစည်ပင်လမ်းအတိုင်း မြိတ်လမ်းမကြီးကနေ လှော်ကားလမ်း အဲဒီကနေ ရိုးမရိပ်သာလမ်းကနေတဆင့် ကျီစုသုဿန်ကို ရွှေသန်လျင်နာရေးကူညီမှုအသင်းကားနဲ့ သယ်ဆောင်လာတဲ့အချိန်မှာတော့ လမ်းဘေးတစ်ဖက်တစ်ချက်ကနေ ပြည်သူတွေက ဦးညွှတ်အလေးပြုခဲ့ကြပါတယ်။

အလွတ်တန်းသတင်းထေက် ကျော်သူပေးပို့သော သတင်းဖြစ်ပါသည်။


Author

  • Duwun

က္က