ချုပ်ရမန် ၂၄နာရီထိ ယူမထားတဲ့အတွက် မတရားဖမ်းဆီးချုပ်နှောင်မှုမြောက်တယ်လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။
Duwun

ပြည်မြို့တက္ကသိုလ်အရှေ့  ဆန္ဒပြ အကြမ်းဖက်ဖြိုခွဲခံရမှုမှာ ဖမ်းဆီးခဲ့တဲ့ ၁၀ ဦးအနက်  အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ် မိုင်းဖြိုးအောင်ကို ဒီကနေ့ (မတ်လ ၁ ရက်) ညနေမှာ ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၉ ဦးကတော့ လွှတ်ပေးတာမရှိတဲ့အပြင် ဘယ်နေရာမှာဖမ်းဆီးထားသလဲဆိုတာ အခုချိန်ထိမသိရှိရသေးဘူးလို့ လိုက်ပါကူညီပေးနေတဲ့ ရှေ့နေတစ်ဦးကပြောပါတယ်။

 ကျန်တဲ့ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေလုပ်နေပေမယ့် နေရာအတိအကျကို မသိရှိရသေးဘဲဖြစ်တယ်လို့သိရပါတယ်။ "ဖမ်းဆီးခံရတာ ၁၀ ဦးရှိတယ်၊ဒီထဲက မိုင်းဖြိုးအောင်က အသက် ၁၃ နှစ်ပဲရှိတယ် ကလေးပဲရှိတော့ ဆေးထည့်ပြီး နောက်ဆန္ဒပြပွဲတွေမှာမပါဝင်ဖို့ မိဘက ခံဝန်ထိုးပြီး ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့ကလေးတွေကို မြို့နယ်မှူးကိုမေးတော့ ရမန်ယူမှာတဲ့၊ ဘယ်မှာချုပ်ထားလဲဆိုတာမပြောဘူး။သူလဲမသိဘူးပေါ့။ရမန်ယူမှာဆိုရင်တရားရုံးကသိမှာပဲဆိုပြီး တရားရုံးကိုသွားတယ်။တရားရုံးကလည်းသူ့ဆီ ချုပ်ရက်ရမန်မယူသေးဘူးတဲ့။ ချုပ်ရမန်ယူရင်တော့ သူတို့ပြောပါမယ်လို့ ပြောတယ်။အဲ့ဒါနဲ့ထောင်ကြီးချုပ်ကိုသွားတယ် ထောင်ကြီးချုပ်ကလည်းသူတို့လက်ထဲမှာကလေး ၉ ယောက်မရှိပါဘူးလို့ပြောတယ်။ အဲ့ဒါနဲ့ အမှတ်၂ရဲစခန်းကိုပြန်သွားတယ်။ ပြန်သွားတော့အမှတ် ၂ ရဲစခန်းက ထောင်ကြီးချုပ်မှာပဲလို့ပြောတယ်။ ဒါပေမယ့် ကျွန်မတို့ အခုချိန်ထိတော့ဒီကလေးတွေဘယ်မှာရှိလဲဆိုတာ တိတိကျကျမသိရသေဘူး။ လူ ၉ ယောက်လုံးကြီး ပျောက်သွားနိုင်စရာမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်မှာရှိနေလဲဆိုတာတော့ ပြောရမှာပဲဖြစ်လို့ ဒီကလေးတွေ ဘယ်မှာရှိလဲဆိုတာ ဆက်စုံစမ်းသွားမယ်၊သူတိုရဲ့ဥပဒေပါအခွင့်အရေးတွေအကုန်လုံးရအောင်ဆောင်ရွက်ပေးသွားမယ် "လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေဒေါ်လင်းနိုင်စိုးက ပြောပါတယ် ။



ဖမ်းဆီးခံထားရသူတွေ ဘယ်နေရာမှာ ရှိနေသလဲဆိုတာမသိရခြင်းက ဥပဒေအရ ဖမ်းဆီးမှုကိုကျော်လွန်တဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုမြောက်နေခြင်း၊ ချုပ်ရမန် ၂၄နာရီထိ ယူမထားတဲ့အတွက် မတရားဖမ်းဆီးချုပ်နှောင်မှုမြောက်တဲ့အပြင် ဖမ်းဆီးခံရသူတွေကို ရှေ့နေ၊ မိသား စုတွေ နဲ့ တွေ့ခွင့်မပေးတဲ့အတွက်လည်း ရာဇဝတ်ကျင့်ထုံးနဲ့ ရဲလက်စွဲကို ချိုးဖောက်ရာရောက်ကြောင်း၊ ဖမ်းဆီးခံ ရသူတွေအတွက် အစာရေစာ အဝတ်အထည် သောက်သုံးရေ ရရှိမှု အခွင့်အရေးတွေလည်း ချိုးဖောက်ခံနေရတာဖြစ်နေတယ်လို့ ပြည်မြို့က ရှေ့နေတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ 

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ပြည်မြို့ ပြည်တက္ကသိုလ် အရှေ့မှာ ရဲနဲ့စစ်တပ်က ဆန္ဒပြ လူထုကိုအကြမ်းဖက်ဖြိုခွဲခံရမှုမှာ လူ ၁၀ ဦးအဖမ်းခံခဲ့ရပြီး၊ ရာဘာကျည်ထိမှန်မှုကြောင့် လူ ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


Author

  • Duwun

က္က