မနက်ပိုင်းက ဆန္ဒပြမယ့်ကျောင်းသားလူထုဖြိုခွဲမှုမှာ ဖမ်းဆီးခံရသူအချို့ရှိခဲ့ပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင့်ကြောင်းဆန္ဒပြဖို့ ကျောင်းသားတွေက ပြည်မြို့ အ.ထ.က ၁ ကျောင်းမှာ စုရပ်လုပ်နေစဉ် မနက် ၈ နာရီကျေယ်လောက်မှာ စစ်တပ်နဲ့ ရဲရောက်လာပြီး ဖြိုခွင်းဖမ်းဆီးမှုတွေလုပ်ခဲ့တာကြောင့် ဆန္ဒပြမယ့်ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူတွေ လူစုခွဲရှောင်ပုန်းခဲ့ရတယ်လို့သိရပါတယ်။

ရဲနဲ့စစ်တပ်က ဝင်ရောက်ဖြိုခွင်းရာမှာ လမ်းပေါ်မှာဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦးကိုလည်း ဆိုင်ကယ်ပေါ်ကနေ ဆွဲချခဲ့တာမျိုး လုပ်ဆောင်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူကပြောပြပါတယ်။ "ကျောင်းသားတွေစုနေတဲ့အချိန် ရဲကားတွေရောက်လာတယ်။ သူတို့လူစုခွဲတယ်လိုက်ရှာတယ်။နောက်သူတို့ကားပေါ်ပြန်တက်သွားတယ်၊နောက်ဆိုင်ကယ်ပေါ်ကအမျိုးသမီးကိုဆွဲချတယ်။ လောလောဆယ် အစ်ကိုတို့ကခဏရှောင်နေတယ်။ ပြီးရင် ပျောက်ကျားပုံစံနဲ့ ဆန္ဒပြမယ်"လို့ ဆန္ဒပြဖို့ရောက်ရှိခဲ့တဲ့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပြပါတယ်။



မနက်ပိုင်းက ဆန္ဒပြမယ့်ကျောင်းသားလူထုဖြိုခွဲမှုမှာ ဖမ်းဆီးခံရသူအချို့ရှိခဲ့တယ်လို့သိရပြီးလက်ရှိ စစ်တပ်နဲ့ ရဲကားတွေကတော့ အ.ထ.က ၁ ကျောင်းရှေ့ကနေထွက်ခွာသွားကာ ပြည်တက္ကသိုလ်အရှေ့မှာတော့ ရေကားတွေ၊ရဲကား၊စစ်ကားတွေ နေရာယူထားတာတွေ့ရတယ်လို့ သိရပါတယ်။

"ဆန္ဒပြကျောင်းသားတွေကို ရဲတွေက နောက်ကနေလိုက်ဖမ်းနေလို့ အနားက အောင်မင်္ဂလာဈေးထဲအထိပြေးခဲ့ရပြီး ဈေးထဲမှာလည်း ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့တယ်။ဒီနေ့ မနက် ၈နာရီခွဲလောက်ကဖြစ်တာပါ။ မြို့ထဲမှာလည်းလိုက်ဖမ်းနေတယ်လို့ကြားနေရတော့ ခုအပြင်မထွက်ရဲဘူး"လို့ ပြည်မြို့ဒေသခံတစ်ဦးကပြောပါတယ်။

ပြည်မြို့မှာ မနက်ပိုင်းက ကျောင်းသားသပိတ်ကိုဖြိုခွဲမှုအပြီးနောက်ပိုင်း မြို့ထဲလမ်းတွေကနေရာတချို့မှာ အရပ်ဝတ်တွေနဲ့ စစ်ဆေးတဲ့ကိစ္စ၊ ရှာဖွေမှုတွေရှိနေတယ်ဆိုပြီး ဒေသတချို့ကပြောဆိုနေကြတာကြောင့် အတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။

ပြည်မြို့မှပေးပို့သောသတင်းဖြစ်ပါသည်။ 



က္က