စိုးရိမ်ရတဲ့အခြေအနေရှိသူပါဝင်ပေမယ့် လက်ရှိမှာတော့ ကုသနေဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
Htar Htar Wai

ယနေ့ မတ်လ ၂ရက် မနက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့ ၊ ဗိုလ်ချုပ်လမ်းမီးပွိုင့်အနီးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူတွေကို အကြမ်းဖက် နှိမ်နင်းပြီး ဖြိုခွင်းမှုပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဖြိုခွင်းမှုမှာ မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်မှုရှိခဲ့သလို ကျည်အစစ်နဲ့ ပစ်ခတ်မှုလည်းရှိခဲ့တာကြောင့် ကျည်ဆန်ထိမှန်ဒဏ်ရာရရှိထားသူတွေ ရှိနေတယ်လို့ ကလေးမြို့ဒေသခံက Duwun ကို ပြောပါတယ်။



" မနက်က ကျွန်တော်တို့က အဲ့ထိပ်နား လက်ဖက်ရည်ဆိုင်ထိုင်နေတုန်းပဲရှိသေးတယ်။ဆန္ဒပြတဲ့အဖွဲ့နဲ့ ဒီဘက်က ရဲတွေနဲ့ ထိပ်တိုက်ဆုံတယ်ပေါ့ဗျာ။ရဲတွေက ရှေ့တိုးတိုးသွားတာ ။ပြီးလည်းပြီးရော မျက်ရည်ယိုဗုံးနဲ့ထုတယ်။ပြီးလည်း ပြီးရော ပစ်တာခတ်တာတွေဖြစ်လာရော။အဲဒါ ကျွန်တော်တို့ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ရှေ့က အခမဲ့ဆေးပေးခန်းကို ပစ်ခံရတဲ့လူနာတွေရောက်လာရော။ဗိုက်ပွင့်တာ ၊ ပေါင်ပွင့်တာတွေဆိုတော့ အဲဒီကမနိုင်လို့ Royal City ဆေးရုံကို ပို့ရတယ်ဗျ ။လေးယောက်လို့ ကြားတယ်" လို့ ကလေးမြို့ဒေသခံက Duwun ကို ပြောပါတယ်။

Photo- ဒေသခံပြည်သူ ( ကျည်ထိမှန်သူများကို ကုသမှု ပြုလုပ်နေစဉ်)

လက်ရှိအချိန်ထိ ရရှိထားတဲ့သတင်းတွေအရ သေနတ်ထိမှန်သူ လေးဦးရှိပြီး စိုးရိမ်ရ အခြအနေတစ်ဦးရှိပြီး ကုသနေဆဲဖြစ်တယ်လို့ ဒေသခံပြည်သူက Duwun ကို ပြောပါတယ်

" ဗိုက်ပွင့်တာရယ် ၊ ပေါင်ပွင့်တာရယ်တော့ သိတယ်။ ထိတာတော့ လေးယောက်လို့ ကြားတယ်။ ပေါင်ပွင့်တဲ့ တစ်ယောက်ကို လိုက်ပို့တာတော့ ကျွန်တော်ပါ ပါတယ်။ ရင်ဘတ်လည်း ထိတဲ့လူရှိတယ်လို့တော့ ကြားတယ်ဗျ။အခုတော့ Royal City မှာ ကုနေကြတုန်းပဲ " လို့ ကလေးမြို့ဒေသခံက Duwun ကို ပြောပါတယ်။

ဒီနေ့ မတ်လ ၂ရက်မှာတော့ မြန်မာနိုင်ငံ မြို့ကြီးတော်တော်များများအပါအဝင် နေရာအနှံ့အပြားမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်နေသလို အကြမ်းဖက်ဖြိုခွင်း နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေတယ်လို့ သတင်းရရှိပါတယ်။


Author

  • Htar Htar Wai

က္က