ထိုင်သပိတ်လူစုခွဲပြီးနောက် ပြည်သူတွေက ရဲတပ်ဖွဲ့ကို သံပုံတီးပြီး ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။
Duwun

ပုဂံမှာလုပ်တဲ့ မြို့ခံပြည်သူတွေရဲ့ထိုင်သပိတ်ကို လူစုလူဝေးလုပ်ဟုဆိုကာတိုင်တန်းသူရှိတာကြောင့် လူစုခွဲပေးဖို့ရဲတပ်ဖွဲ့က လာရောက်တားဆီးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo: ကိုဝင်းမင်းဦး

ပုဂံမြို့ခံပြည်သူတွေဟာ အာဏာရှင်ကိုအလိုမရှိကြောင်းဆန္ဒပြတဲ့ ထိုင်သပိတ်ကို ဒီကနေ့ မတ်လ ၂ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး ၁၁နာရီလောက်အရောက်မှာ ဆန္ဒပြလူထုကို လူစုခွဲပေးဖို့ရဲကလာရောက်တားဆီးခဲ့တာဖြစ်တယ်လိုသိရပါတယ်။



Photo: ကိုဝင်းမင်းဦး

"ရဲကလာတားတယ်ဆိုတာက ဒီလိုဗျ၊ မနက်က ပုဂံကထိုင်သပိတ်လုပ်ကြတယ်၊လုပ်ကြတော့ ၁၁ လောက်မှာ သူတို့လာတားတယ်၊ရပ်ဖို့ပြောတယ်ဆိုတာထက် ပုံမှန်လူစုလူဝေးကိုတိုင်ကြားလို့လာရတယ်ဆိုပြီးပြောတယ်။ တစ်ချို့ရှိတာပေါ့ တိုင်တန်းပြီး ပဋိပက္ခဖြစ်ဖို့ကြိုးစားနေတဲ့လူတစ်ချို့ရှိပုံရပါတယ်။ သူတို့ဝတ္တရားအရလာရတာပါလို့ပြောတယ်။ရဲကား ၂စီး၊အင်အားလည်း ၁၀ ယောက် ၁၅ ယောက်လောက်ပဲရှိမယ်"လို့ မျက်မြင်တွေ့ရှိသူ ပုဂံဒေသခံတစ်ဦးကပြောပါတယ်။

Photo: ကိုဝင်းမင်းဦး

ဆန္ဒပြလူထုကို လူစုခွဲပေးဖို့ ရဲတပ်ဖွဲ့က ပြောဆိုတာကြောင့် လူထုကရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ဖို့မကြိုးစားကြဘဲတည်ငြိမ်စွာနဲ့ပဲလူထုက လူစုခွဲခဲ့ကြပါတယ်။ ထိုင်သပိတ်လူစုခွဲပြီးနောက် ပြည်သူတွေက ရဲတပ်ဖွဲ့ကို သံပုံတီးပြီး ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။

Photo: ကိုဝင်းမင်းဦး

အာဏာရှင်ကိုအလိုမရှိကြောင်း၊လက်မခံကြောင်းဆန္ဒပြမှုတွေကို ပုဂံနဲ့ညောင်ဦးမှာ ပြည်သူလူထုက နေ့စဉ်လုပ်ဆောင်နေကြတာဆိုရင် ရက်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပြီးဒီကာလမှာ ရဲတပ်ဖွဲ့က လူထုကိုတိုက်ရိုက်လာရောက်တားဆီးခြင်းကဖြစ်စဉ်ကပထမဆုံးဖြစ်ပါတယ်။

ပြည်မြို့မှပေးပို့သောသတင်းဖြစ်ပါသည်။ 


Author

  • Duwun

က္က