ဝန်ကြီးဌာန (၈) ခုအတွက် ခေတ္တပြည်ထောင်စုဝန်ကြီးတွေကို ခန့်အပ်လိုက်တာပါ။
Duwun

နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးတွေ ကိုယ်စား ဆောင်ရွက်နိုင်ဖို့ ဒေါက်တာဇော်ဝေစိုး အပါအဝင် (၄) ဦးကို ခေတ္တပြည်ထောင်စုဝန်ကြီးတွေအဖြစ် ခန့်အပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ မတ်လ (၂) ရက်မှာ ကြေညာလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတို့အတွက် ခေတ္တပြည်ထောင်စုဝန်ကြီးတွေ ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။



နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်ဇင်မာအောင်၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးလွင်ကိုလတ်၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင်ထွန်းနိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာဇော်ဝေစိုးတို့ကို ခန့်အပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ကြေညာထားတာပါ။

အဆိုပါ ထုတ်ပြန်ချက်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တရားဝင်အစိုးရဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ ပြည်သူ့အစိုးရကို စစ်အာဏာသိမ်းအုပ်စုက အဓမ္မနည်းနဲ့ ဖယ်ရှားကာ အာဏာသိမ်းယူထားသည်ဖြစ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေအနေနဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ အခြေအနေ မရှိသေးဘူးလို့ ဖော်ပြပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေကိုယ်စား ဆောင်ရွက်နိုင်ဖို့ ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို ထိရောက်စွာ ဆောင်ရွက်ဖို့ သင့်လျော်တဲ့ပုဂ္ဂိုလ်တွေကို လိုအပ်သလို ဆက်လက် တာဝန်ပေးအပ်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဆက်လက်ကြေညာထားပါတယ်။


Author

  • Duwun

က္က