Duwun

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၇၁ ရပ်ကွက်၊ကနောင်မင်းကြီး(၁)လမ်းမှာနေပြီး ဖေဖော်ဝါရီ ၂၈ ရက်က တပ်မတော်နဲ့ရဲတပ်ဖွဲ့က ဆန္ဒပြပြည်သူတွေကိုကျည်အစစ်နဲ့ပစ်ခတ်ဖြိုခွဲရာမှာ ကျည်ထိမှန်သေဆုံးခဲ့တဲ့ ကိုဟိန်းထွဋ်အောင်(၂၃)နှစ်ရဲ့ မီးသဂြိုလ်ခြင်းကို ကျီစုသုဿန်မှာ ဒီနေ့ မတ် ၂ ရက်နေ့လည်ပိုင်းကပြုလုပ်ရာမှာတော့ ပြည်သူတွေထောင်နဲ့ချီလာရောက်ပို့ ဆောင်ပေးခဲ့ကြပါတယ်။

" စီစဉ်ထားတာကတော့ဂုဏ်ပြုပွဲတွေလုပ်ဖို့အတွက် တီးဝိုင်းတွေနဲ့စီစဉ်ထားတယ်။ ဒါပေမယ့်လာပြီးပို့တဲ့ပြည်သူတွေကအရမ်းများတဲ့အတွက်တိုးဝှေ့နေကြတော့ဂုဏ်ပြုပွဲအစီအစဉ်ပျက်သွားတယ်။ သူ့ရဲ့ရုပ်အလောင်းကိုကြည့်ချင်တဲ့သူတွေကြည့်နိုင်အောင်ပဲအာရုံစိုက်စီစဉ်ပေးလိုက်ရတယ်။ မနက် ၁၀နာရီလောက်ကစပြီး မီးသဂြိုလ်ခါနီးအချိန်အထိ လာကြည့်တဲ့ပြည်သူတွေကမပျက်ဘူး ဒါ့ကြောင့်ပုံမှန်မီးသဂြိုလ်တဲ့ပုံစံပဲလုပ်လိုက်ရတယ် ရှေ့မှာဂုဏ်ပြုတီးဝိုင်းကတော့တီးနေတာပေါ့"လို့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေတဲ့ တောင်ဒဂုံလူငယ်အဖွဲ့က ပြောပါတယ်။



ကိုဟိန်းထွဋ်အောင်ရဲ့ ရုပ်အလောင်းကို မီးသဂြိုလ်အရိုးကောက်ပြီးရင် ရေဝေးသုဿန်ကိုသွားပြီးဂူသွင်းသွားမှာဖြစ်ပါတယ်။ သူ့ရဲ့ရုပ်အလောင်းကို စံပြဆေးရုံရင်ခွဲရုံကနေ မတ် ၁ ရက်မွန်းတည့် ၁၂ နာရီလောက်မှာစပြီး ကျီစုသုဿန်ကိုအလောင်းသယ်လာရာမှာ လမ်းဘေးဝဲယာကနေပြည်သူတွေထွက်ပြီး ဂုဏ်ပြုကြတာကြောင့် ညနေ ၅ နာရီလောက်မှရောက်ရှိခဲ့ပါတယ်။အဲဒီလို ရုပ်အလောင်းသယ်လာမယ်ဆိုတဲ့သတင်းကိုကြားတာကြောင့် ကျီစုသုဿန်မှာလူတွေအများကြီးစောင့်နေတာကြောင့် ကိုဟိန်းထွဋ်အောင်ရဲ့ ရုပ်အလောင်းကိုကားပေါ်ကနေ ချတာတောင်ထိန်းပြီးချခဲ့ရပါတယ်။

 ကိုဟိန်းထွဋ်အောင်ရဲ့ ရုပ်အလောင်းမီးသဂြိုလ်ရာမှာတော့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးသိန်းနိုင်နဲ့ဦးညီညီတို့က ဂုဏ်ပြုစကားအကျဉ်းရုံးပဲပြောခဲ့ကြပါတယ်။ကိုဟိန်းထွဋ်အောင်ရဲ့ ရုပ်အလောင်းကို မီးသဂြိုလ်ရင်းနဲ့လာရောက်တဲ့ ပြည်သူတွေထဲမှာတိုးရင်း လူတစ်ယောက်မှာဓားပါလာတာကြောင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါတယ်။လာရောက်တဲ့ ပြည်သူတွေအန္တရာယ်မဖြစ်စေဖို့အတွက် ဒဂုံတောင်ပိုင်းကလူငယ်တွေက ဆန္ဒပြပြည်သူတွေကိုကာကွယ်ပေးဖို့အတွက်ဖွဲ့ထားတဲ့ ဒိုင်းတပ်စု(၁) နဲ့ ဒိုင်းတပ်စု(၂)ကလူငယ်တွေလည်း လုံခြုံရေးအတွက်လာရောက်ကူညီပေးခဲ့ကြပါတယ်။

သေဆုံးခဲ့တဲ့ ကိုဟိန်းထွဋ်အောင်ရဲ့ ရုပ်အ လောင်းကို ဒီနေ့ မတ် ၂ ရက်မှာမီးသဂြိုလ်ခဲ့ပြီး မတ် ၆ ရက်မှာတော့ သူ့ရဲ့(၇၁)ရပ်ကွက်၊ကနောင်မင်းကြီး(၁)လမ်းက နေအိမ်မှာ ရက်လည်ဆွမ်းသွပ်တရားတော်နာယူကြမှာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ကျော်သူပေးပို့သောသတင်းဖြစ်ပါသည်။ 


Author

  • Duwun

က္က