မြို့နယ်ထွေအုပ်ရဲ့ ခိုင်းစေမှုကြောင့် လုပ်ဆောင်နေတဲ့ ရပ်ကွက်ရုံးစာရေးလို့ သိရပါတယ်။
Htar Htar Wai

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေရဲ့ အခြေအနေနဲ့အင်အားကို သတင်းပေးလုပ်နေတဲ့ အမျိုးသားကို ဖုန်းထဲက အချက်အလက်တွေအရ အတည်ပြုခဲ့ပြီး ကျောက်တံတားမြို့နယ် ၊အနော်ရထာလမ်းမှာ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ခေါင်းတုံးတုံး အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသားက ရပ်ကွက်စာရေးဖြစ်ပြီး မြို့နယ်ထွေအုပ်ရဲ့ တာဝန်ပေးချက်အရ သတင်းစုံစမ်းထောက်လှမ်းရေး လုပ်တာဖြစ်တယ်လို့ ကျောက်တံတားမြို့နယ် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။



" ကျွန်မတို့မြို့နယ်က ထွေအုပ်က သူတို့ကို ညွှန်ကြားထားတဲ့အခါကျတော့ သူတို့က လာပြီး လူအင်အားက ၄၀၀ပါ ၊ ဘယ်နေရာတွေမှာတော့ ဘယ်လိုပိတ်ထားတယ် အဲဒီလိုမျိုး သတင်းပို့နေကြတာ။ သုံးယောက်လို့ပြောတယ်။ အခုကတော့ ၃ရပ်ကွက်က စာရေးကိုပဲ ဖမ်းမိလိုက်တယ်။ ဒီတော့ ရပ်ကွက်က မြို့တော်ခန်းမရှေ့ကတည်းက အဲဒီလိုလုပ်ပြီး နေ့စဉ်ရက်ဆက် လုပ်နေကြတော့ ရပ်ကွက်ကရော ဆန္ဒဖော်ထုတ်သူတွေကရော နေ့တိုင်း ဒီလိုသတင်းတွေပို့ပြီး ဖြိုခွင်းခံနေရတော့ အမှတ်အသားလုပ်ချင်တယ်ဆိုပြီး အဲဒီလို လုပ်လိုက်တာပါ " လို့ ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်ဟောင်း ဒေါ်ကြည်ပြာက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-Duwun ( သတင်းပေးသူရဲ့ ဖုန်းကို စစ်ဆေးကြစဉ်)

အဆိုပါအမျိုးသားကို ၃၆လမ်း အလယ်ဘလောက်မှာ ပြည်သူတွေက ခေါင်းတုံးတုံး အမှတ်အသားပြုလုပ်ပြီး ခေတ္တထိန်းသိမ်းထားခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

" သူ့ကို ပြီးတော့ Shaming လုပ်တာပေါ့နော်။ ကျွန်တော် ဒလံပါ ငါးထောင်စားပါဆိုပြီး ဆိုင်းဘုတ်ကိုင်ခိုင်းပြီး ဆန္ဒပြသူတွေ အားလုံးရှေ့ ဓာတ်ပုံရိုက်ကြတာပေါ့။ပြီးတော့ ပြန်လွှတ်ပေး လိုက်တယ်။ နောက်မလုပ်ရဲအောင်ပေါ့။ဒါပေမယ့် သူတို့က ရပ်ကွက်စာရေးဆိုတဲ့အခါကျတော့ ငါးထောင်စားမဟုတ်တော့ အဲဒီလိုပဲ လုပ်လို့ကတော့ မရဘူး။နောက်တော့ မထွက်လာနဲ့ပေါ့ ။ နောက် ၄ရပ်ကွက်က စာရေးတွေ့သေးတယ်။သူကတော့ အလုပ်မဆင်းတာ ၆ရက်ရှိပြီဆိုပြီး ပြောတယ်။ စစ်ဆေးတော့လည်း ဘာမှမတွေ့တော့ ပြန်လွှတ်ပေးလိုက်တယ် " လို့ ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်ဟောင်း ဒေါ်ကြည်ပြာက Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ ဒီလိုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေက သတင်းပေးလို့ ယူဆရတဲ့သူတွေကို ဝိုင်းဝန်းဖမ်းဆီးထိန်းသိမ်းတာနဲ့ အမှတ်အသားလုပ် အပြစ်ပေးတာတွေကို မြို့နယ်တချို့မှာလည်း လုပ်ဆောင်နေကြပါတယ်။


Author

  • Htar Htar Wai

က္က