ရဲတွေက ဆန္ဒပြလူအုပ်ကြီးကို ဖမ်းဆီးဖို့ကြိုးစားစဉ် အဆိုပါအမျိုးသားက တစ်ဦးတည်း အဖမ်းခံလိုက်တာပါ။

စမ်းချောင်း၊ ပဒုမ္မာလမ်းမှာ ရဲတွေ ဖမ်းဆီးသွားခဲ့တဲ့အမျိုးသားတစ်ဦးကို လက်ရှိအချိန်ထိ ဘယ်နေရာမှာ ချုပ်နှောင်ထားမှန်းမသိတာကြောင့် အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေရတယ်လို့ ဖမ်းဆီးခံရတဲ့ အမျိုးသားရဲ့ ဖခင်က ဆိုပါတယ်။

မနေ့က မတ်လ (၂) ရက်နေ့မှာ စမ်းချောင်းမြို့နယ် ပဒုမ္မာလမ်းမှာ ဆန္ဒပြလူအုပ်ကို ရဲတွေက လိုက်လံဖမ်းဆီးစဉ်မှာ တစ်ဦးတည်း အဖမ်းခံလိုက်တဲ့ ကိုထက်ဝေယံဆိုသူဟာ အဖမ်းခံရစဉ်မှာ ရဲတွေရဲ့ ရိုက်နှက်မှုကို ခံရပြီး ပေါင်နဲ့ ခါးမှာလည်းသေနတ်ကျည်ထိမှန်သွားခဲ့တယ်လို့ သိရပါတယ်။ သေနတ်ကျည်ထိမှန်မှုကြောင့် ဒဏ်ရာရသွားခဲ့တဲ့ ကိုထက်ဝေယံကို အမှတ် (၂) ကုတင် (၅၀၀) စစ်ဆေးရုံမှာ ဆေးကုသမှုပေးခဲ့ပြီးနောက် ရဲကားနဲ့ အပြင်ထုတ်သွားတယ်လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။ 



Photo-Aung Toe- Travelin Bamar

“ မနေ့က ကလေးက ကျွန်တော့်ကို ဖုန်းဆက်တယ်။ အဖေ ကျွန်တော်သေနတ်ထိသွားပြီ။ အခုစမ်းချောင်းရဲစခန်းကို ခေါ်သွားတယ်လို့ ပြောတော့ ကျွန်တော်က စမ်းချောင်းရဲစခန်းကို သွားတယ်။ အဲ့မှာ စစ်ဆေးရုံမှာ ရှိတယ်ပြောတော့ လိုက်သွားတယ်။ ကလေးနဲ့ (၂) မိနစ်လောက်စကားပြောလိုက်ရတယ်။ သူ့ကို ရဲတွေနဲ့ ဆရာဝန်တွေနဲ့ ကုတာတော့ ကျွန်တော်မြင်ရတယ်။ ရင်ဘတ်က ဒဏ်ရာကို မြင်ရတယ်။ ဓါးနဲ့ထိုးထားသလို အရေခွံပြဲထွက်သွားတဲ့ ဒဏ်ရာမြင်ရတယ်။ ပေါင်ကဒဏ်ရာကိုတော့ စည်းထားတာတွေ့တယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူးလို့ ဆရာဝန်က ပြောပြီး ကျွန်တော့်ကို အပြင်မောင်းထုတ်လိုက်တယ်။ ပြီးတော့ မှန်တွေပိတ်ပြီး ရဲကားနဲ့ အပြင်ထုတ်သွားတယ်။ ကျွန်တော်က ဒဏ်ရာနဲ့ဆိုတော့ ကလေးကို ဆေးရုံမှာပဲ ထားမယ်ထင်တာ။ မုန့်တွေဘာတွေတောင် မပေးလိုက်ရဘူး” ကိုထက်ဝေယံရဲ့ ဖခင်က ဆိုပါတယ်။

ကိုထက်ဝေယံကို အင်းစိန်ထောင်ပို့မယ်ဆိုတဲ့သတင်းကြောင့် မိသားစုဝင်တွေကလည်း မနေ့ညက အင်းစိန်ထောင်ရှေ့မှာ လာစောင့်ဆိုင်းပေမယ့် မတွေ့ရတာကြောင့် ပြန်သွားခဲ့ပြီး အခုဒီနေ့ မနက်မှာလည်း အင်းစိန်ထောင်ရှေ့မှာ ထပ်မံစောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

ထောင်ဘက်က တာဝန်ရှိသူတွေကတော့ ကိုထက်ဝေယံ အင်းစိန်ထောင်မှာ မရှိပါက ဒီနေ့ မွန်းလွဲ (၃) နာရီမှာ အကြောင်းကြားမှာဖြစ်ပြီး တစ်ကယ်လို့ အကြောင်းမကြားလာပါက ထောင်မှာ ရှိနေတယ်လို့ မှတ်ယူရမယ်လို့ ‌ထောင်ဘက်က ပြောလာတယ်လို့ ကိုထက်ဝေယံရဲ့ ဖခင်က ဆိုပါတယ်။

လက်ရှိမှာတော့ ကိုထက်ဝေယံအခြေအနေနဲ့ ပတ်သက်ပြီး ကူညီပေးတဲ့ ရှေ့နေအဖွဲ့တွေထံ ဆက်သွယ်အကူအညီတောင်းခံထားတယ်လို့လည်း သိရပါတယ်။ ကိုထက်ဝေယံဟာ မနေ့က ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က ဆန္ဒပြလူအုပ်ကြီးကို ဖမ်းဆီးဖို့ ကြိုးစားစဉ် သူက ရဲတွေနားကို သွားပြီး အဖမ်းခံလိုက်တဲ့ ဗီဒီယို လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပြီး အဆိုပါ ဗီဒီယိုထဲမှာ ရဲတွေက နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခဲ့တာ တွေ့ရပါတယ်။



က္က