နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ကတာဝန်ပေးအပ်လိုက်တာပါ
Duwun

နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို လက်ရှိဆောင်ရွက်နေတဲ့ တာဝန်တွေအပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးရာနဲ့သံတမန်ရေးရာ ကိစ္စရပ်တွေကိုပါ စီမံခန့်ခွဲဖို့ တာဝန်ပေးလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ မတ်လ (၃) ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ သဘောတူညီချက်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ကတာဝန်ပေးအပ်လိုက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။



ဦးကျော်မိုးထွန်းဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ သူ့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ကိုယ်စားမပြုဘဲ NLD အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ကိုယ်စားပြု တက်ရောက်တာဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အရေးယူဖို့ အချက် (၆) ချက်ထုတ်ပြန်ပြီး တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဦးကျော်မိုးထွန်းကို အာဏာသိမ်းစစ်ကောင်စီက ဝန်ထမ်းစည်းမျဉ်းဥပဒေကို ဖောက်ဖျက်ကျုးလွန်ခဲ့တယ်ဆိုပြီး ရာထူးတာဝန်က ရပ်စဲလိုက်တယ်လို့ ဖေဖော်ဝါရီ (၂၇) ရက်က ကြေညာခဲ့တယ်လို့ သိရပါတယ်။

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ သူဟာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း နိုင်ငံတကာမီဒီယာတွေကတစ်ဆင့် ပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံသဘာပတိနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးထံ စာရေးသားပေးပို့ထားတယ်လို့လည်း သိရပါတယ်။


Author

  • Duwun

က္က