ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေရာကို မသိရှိရသေးပါဘူး။
Ei Ei Htun

ဒီကနေ့ မနက်ပိုင်းက မြောက်ဥက္ကလာက ဆန္ဒပြသူတွေတွေကို ရဲတပ်ဖွဲ့ဘက်က အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့်ဒဏ်ရာရသူအများအပြားရှိနေပြီး ဆေးကုသပေးဖို့ ဝင်ရောက်ကယ်ဆယ်ခဲ့တဲ့ မွန်မြတ်စိတ်ထား ပရဟိတအသင်းသား (၄)ဦးကိုလည်း ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးခေါ်​ဆောင်သွားခဲ့ပါတယ်။ 



အဆိုပါ ပရဟိတသမားတွေကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့နေရာကိုတော့ အခုချိန်ထိမသိရှိရသေးဘူးလို့ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “လူနာကို ဝင်ကောက်တာ ။ ပထမ(၃)ခေါက်ကောက်ပြီးသွားပြီ။ နောက်ဆုံးအခေါက်ဝင်ကောက်တဲ့အခါမှာ သူတို့တွေနဲ့တည့်တည့်တိုးပြီး ကလေးတွေကိုလည်း ကားပေါ်ကဆွဲချရိုက်နှက်။ ကားကိုလည်း သေနတ်တွေနဲ့ပစ်၊ မှန်တွေခွဲ ။ အခု (၄)ယောက်လုံးကိုလည်း ဘယ်ခေါ်သွားမှန်းမသိ အစအနတောင်မရသေးဘူး”လို့ အဆိုပါအသင်းတာဝန်ရှိသူကပြောပါတယ်။

 CCTV မှတ်တမ်းအရ ပရဟိတသမားတွေကို ကားပေါ်ကဆင်းခိုင်းကာ သေနတ်တွေနဲ့ ရိုက်နှက်ခဲ့သလို ကားမှန်တွေကိုလည်းရိုက်ခွဲနေတာကို မြင်တွေ့ရပါတယ်။ ဖမ်းဆီးခံရတဲ့ ပရဟိတသမား (၄)ဦးက အသက် (၂၀)ကျော်အရွယ် (၂)ဦးနဲ့ (၃၀)ကျော် နှစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာအများအပြားရရှိထားတယ်လို့လည်းသိရပါတယ်။

လက်ရှိမှာ မိဘတွေအနေနဲ့လည်း စိတ်ပူနေသလို အသင်းသားတွေအနေနဲ့လည်း videoကိုကြည့်ပြီး များစွာစိတ်မကောင်းဖြစ်နေရတယ်လို့ ဆိုပါတယ်။ အဆိုပါပရဟိတသမားတွေပြန်လည်လွတ်မြောက်ရေးအတွက် မြောက်ဥက္ကလာရှေ့နေတစ်ဦးနဲ့ဆောင်ရွက်နေပြီးဖမ်းဆီးခေါ်ဆောင်သွားတဲ့နေရာမသိရှိရသေးတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။


Author

  • Ei Ei Htun

    Content Writer/Reporter


က္က