စစ်တပ်နဲ့ရဲက ရပ်ကွက်ထဲမှာရပ်ထားတဲ့ ဆိုင်ကယ်ကိုပါ ကားပေါ်တင်ယူသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ပြည်မြို့ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲခံရမှုမှာ သတင်းထောက်တစ်ဦးအပါအဝင် ဖမ်းဆီးခံလိုက်ရသူ ၄ ရှိပြီး စစ်တပ်နဲ့ရဲက ရပ်ကွက်ထဲမှာရပ်ထားတဲ့ ဆိုင်ကယ်ကိုပါ ကားပေါ်တင်ယူသွားတာမျိုးရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် ရပ်ကွက်လမ်းကြားတွေထဲအထိ စစ်တပ်နဲ့ ရဲက လိုက်လံပစ်ခတ်တာတွေ ရှိခဲ့တာကြောင့် ပြည်သူတွေက လမ်းတွေကို ပိတ်ဆို့တာတွေလုပ်ခဲ့ကြပါတယ်။ "လမ်းကြားထဲကိုလည်း ရောက်လာတယ်။ ရဲကနည်းတယ်။ ပျောက်ကျားတွေနဲ့စစ်သားတွေများတယ်။လမ်းထဲက ကလေးတွေကို ဆန္ဒပြ တဲ့သူတွေ ထင်လို့လားမသိဘူး လိုက်ပစ်တယ်။လမ်းဘေးရပ်ထားတဲ့ဆိုင်ကယ်ကိုလည်း ကားပေါ်တင်သွားတယ်။ ညကျမှလိုက်မွှေဦးမယ်လို့လည်းပြောဆိုသွားတယ်"လို့ပြည်မြို့ဒေသခံတစ်ဦးကပြောပါတယ်။



ဒီကနေ့ ပြည်မြို့ ဆန္ဒပြ ပြည်သူလူထုကို ရဲနဲ့စစ်တပ်က လူစုခွဲဖို့ အသိပေးတာမျိုးမရှိဘဲ ရာဘာကျည်နဲ့လိုက်လံပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ကြောင်း၊ရဲနဲ့စစ်တပ် အင်အား ၆၀ လောက်ရှိတယ်လို့ ဆန္ဒပြ ပွဲပါဝင်သူတွေကပြောပါတယ်။ "ရဲက ဗဟို လဖ္ဘက်ရည်ဆိုင် ဘက်က လာပြီးပစ်ပါတယ်ပြီးတော့ စစ်တပ်နဲ့ ရဲ ပြန်ပေါင်းပြီး နာရီစင်နား က နေ လိုက်တော့တာပဲ၊လမ်းကြားတွေ ထဲထိပစ်တယ်။

သတင်းထောက်ကိုတော့ သံတုတ်နဲ့ ရိုက်ပြီး ဖမ်းသွားတယ်"လို့ ဆန္ဒပြပွဲ ပါဝင်သူတစ်ဦကပြောပါတယ်။ ပြည်မြို့ရဲ့ ဆန္ဒပြပြည်သူလူထုဟာပြည်မြို့လယ် နာရီစင်မှာ စုရပ်လုပ်ပြီး ဆန္ဒပြဖို့လူစုခဲ့ချိန် ရဲနဲ့စစ်တပ်က ဆန္ဒပြ သူတွေကိုသေနတ်ပစ်ဖောက်ပြီး အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး လူ ၄ ဦးကိုဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ဖမ်းဆီး ခံလိုက်ရတဲ့ DVB သတင်းထောက်နဲ့ ပြည်သူ ၃ ဦးကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားသလဲဆိုတာ မသိရှိရသေးဘူးလို့သိရပါတယ်။

ပြည်မြို့မှ ပေးပို့သော သတင်းဖြစ်ပါသည်။



က္က