အိတ်ထဲမှာ ဓားတွေနဲ့ခဲတွေပါလာပြီး ခဲတွေက လူအုပ်ထဲကနေ ရဲတွေကို ပစ်ဖို့ ငွေကြေးပေးခိုင်းစေတာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
Htar Htar Wai

ဒီကနေ့ နေ့လယ်ပိုင်းက ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်မှာ ဆိုင်ကယ်နဲ့ပတ်နေသူကို မသင်္ကာလို့ ခေါ်စစ်မေးရာကနေ ဆူပူမှုဖြစ်အောင် လုပ်ဆောင်ဖို့ ကြံစည်နေသူ နှစ်ဦးကိုပါ ရပ်ကွက်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။



အဆိုပါ အမျိုးသားနှစ်ဦးကို စစ်မေးတဲ့အခါ ရပ်ကွက်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူအုပ်နဲ့ ရောထွေးပြီး ရဲတွေဘက်ကို ဒေါသထွက်လာအောင် ဆွပေးဖို့ လှိုင်သာယာက အမျိုးသမီး တစ်ဦးက ငွေကြေးပေးစေခိုင်းခဲ့တယ်လို့ ဝန်ခံကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက Duwun ကို ပြောပါတယ်။

" ဒီနေ့ ကျွန်တော်တို့ ဗဟန်းအကြမ်းဖမ်းဖြိုခွင်းခံရတယ်။ ဖြိုခွင်းမှုတွေအပြီးမှာ ရပ်ကွက်ထဲ ပတ်နေတဲ့ ဆိုင်ကယ်တစ်စီးကို မသင်္ကာလို့ ခေါ်စစ်မေးကြတယ်။ အဲဒီကောင်က နောက်နှစ်ယောက်ကို စောင့်နေတာ ။ အဲဒါ သူပြောတဲ့ပုံစံနဲ့ ချက်ချင်းရှာကြတာ ရပ်ကွက်ထဲ ဖမ်းမိတယ်။အဲဒီကောင်တွေကို စစ်တော့ အိတ်ထဲမှာ ဓားတွေလည်းပါတယ်။ ခဲတွေလည်း ပါတယ်။ ပစ်ခတ်ဖြိုခွင်းတုန်းက ပစ္စည်းအစအနတွေလည်း ပါတယ်။ဓားတွေက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့တဲ့။ ခဲတွေကတော့ လူအုပ်ထဲကနေ ရဲတွေကို ဆွဖို့ပေါ့။ သူတို့ကို လူအုပ်ထဲ ရောဖို့ အဲဒီလိုလုပ်ဖို့ လှိုင်သာယာ ၊ ၁၆ရပ်ကွက် ရွှေသဇင်လမ်းကလို့ ပြောတယ်။ မသီတာ ၊ သီတာကြီးလို့လည်း သိတယ်တဲ့ သူက ပိုက်ဆံပေးခိုင်းတယ်ပေါ့။ တစ်ယောက်က တစ်နေ့ကို တစ်သိန်း ၊ တစ်ယောက်က နှစ်သိန်းရတယ်တဲ့ ။ ညနေဆို ပိုက်ဆံရှင်းတယ်ပြောတယ် " လို့ ဆရာစံရပ်ကွက်နေ ပြည်သူတစ်ဦးက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ဆရာစံရပ်ကွက်နေပြည်သူ ( ဖမ်းဆီးရမိသူကို စစ်ဆေးနေစဉ်)

အဆိုပါ အမျိုးသားနှစ်ဦးရဲ့ ဝန်ခံပြောကြားချက်အရ သူတို့ကို တစ်မြို့နယ်ထဲ စေခိုင်းတာ မဟုတ်ဘဲ နေ့အလိုက် မြို့နယ်ခွဲ စေလွှတ်တာဖြစ်ပြီး ယခင်ရက်က တာမွေ ၊ ဒီနေ့ ဗဟန်း ၊ နောက်ရက်မှာ ဆူးလေနဲ့ မင်္ဂလာဈေးကို စေခိုင်းထားတယ်လို့ သိရပါတယ်။

" ကျွန်တော့် မိသားစုနဲ့ ကျွန်တော်ပြန်နေချင်တယ်။ ဒီတစ်ခါနောက်ဆုံးပါပဲ တစ်ကယ်ကတိပေးပါတယ်။ဒေါ်သီတာကိုလည်း ဘာမှမပြောချင်ပါဘူး။ခိုင်းရင်လည်း မလုပ်တော့ပါဘူး။ဒီတစ်ခါ နောက်ဆုံးပါပဲ။ ၂သိန်းရတာလည်း အကြွေးတွေဆပ်တာပါ။ပိုက်ဆံတွေက ထပ်မရတော့ဘူး။ကြိုယူပြီး အကြွေးဆပ်ထားလိုက်တာပါ " လို့ ငွေပေးစေခိုင်းခံရသူတစ်ဦးက ဝန်ခံခဲ့တာကို ဗီဒီယိုမှတ်တမ်းအရ သိရပါတယ်။

" သူတို့က တစ်သိန်းရတဲ့ကောင်ရယ် နှစ်သိန်းရတဲ့ကောင်ရယ် မတူဘူးပေါ့နော်။ မြို့နယ်တွေကိုတော့ အတူတူသွားတာ။ မနေ့က တာမွေ ၊ ဒီနေ့ ဗဟန်းပေါ့နော် ။ နောက်နေ့ ဆူးလေ ၊ မင်္ဂလာဈေး ခိုင်းထားတယ်လို့ သိရပါတယ်။တစ်ယောက်က အရင်ရက်တွေကတည်းက တစ်ယောက်က မနေ့ကမှ စလုပ်တယ်လို့ သိရတယ်။သူတို့က ကျွန်တော်တို့ ဒီက ကျောင်းထဲခေါ်စစ်ခဲ့တယ်။ ပြန်လွှတ်ပေးလိုက်ပါတယ်။စစ်ဆေးချက် သက်သေတွေပဲ ယူထားတာပါ။ ဒါတွေကို ဒေါက်တာဆာဆာဆီလည်း ပို့သွားပါမယ် " လို့ ဆရာစံရပ်ကွက်နေ ပြည်သူတစ်ဦးက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ဆရာစံရပ်ကွက်နေပြည်သူ ( ဖမ်းဆီးရမိသူကို စစ်ဆေးနေစဉ်)

ဆိုင်ကယ်သမားအပါအဝင် အဆိုပါသုံးဦးကို သက်ဆိုင်ရာ မိသားစုနဲ့ ရပ်ကွက်အုပ်ချုပ်သူတွေထံကို ဆက်သွယ်အကြောင်းကြားပြီး မိသားစုတွေကိုပါ စစ်မေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ရပ်ကွက်နေပြည်သူတွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီကနေ့ ဗဟန်းမြို့နယ်မှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းပြီး ကျည်အချက်လေးဆယ်ဝန်းကျင် ပစ်ဖောက်ခဲ့ပေမယ့် ကြီးကြီးမားမားဒဏ်ရာရရှိသူမရှိဘဲ လူသုံးဦးခန့် ဖမ်းဆီးခံရတယ်လို့ ဆရာစံရပ်ကွက်နေ ပြည်သူတစ်ဦးက Duwun ကို ပြောပါတယ်။


Author

  • Htar Htar Wai

က္က