ကိုဖိုးချစ်ဆိုသူက သေနတ်(၃)ချက်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။

မနေ့ မတ်လ (၃) ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်မှာ ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဉ် သေဆုံးခဲ့ရသူတစ်ဦးမှာ ဖွဲပြာရောင်းတဲ့အလုပ်လုပ်ကိုင်ပြီး ကျူးကျော်မှာနေထိုင်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အသက် (၂၂) နှစ်အရွယ် ကိုဖိုးချစ်ဆိုသူဟာ မြောက်ဒဂုံမြို့နယ်(၄၈) ရပ်ကွက်၊ ရှင်တစ်ရာကျောင်းလမ်းအနီး ကျူးကျော်တဲလေးတွေမှာနေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ မနေ့က ဆန္ဒပြပွဲမှာ စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွင်းရာ ကိုဖိုးချစ်ရဲ့ ခြေထောက်ကို အရင်ထိခဲ့တာကြောင့် ခြေထောက်ကို ပတ်တီးနဲ့ စည်းနေချိန် ခေါင်းကို သေနတ်ထိမှန်ကာ ဦးနှောက်ပွင့်ပြီး သေဆုံးသွားခဲ့ရတယ်လို့ ကိုဖိုးချစ်ရဲ့ ဇနီးဖြစ်သူမသဲစုက ပြောပြပါတယ်။



“ ရပ်ကွက်ကလူတွေစုပြီး ဆန္ဒပြသွားတော့ သူကထိပ်ဆုံးက အကုန်ပါတာ။ မနေ့က မနက် (၁၁) နာရီကျော်ကျော်တည်းက ထွက်သွားတာ။ ဖုန်းခေါ်တာ လုံးဝမခေါ်ရဘူး ။ ညနေ (၄) နာရီလောက်မှ ပြန်ကိုင်တယ်။ ကျုပ်ပြန်လာမယ်..မသဲစု..ခင်ဗျားဘာဖြစ်နေတာလဲတဲ့..ကျုပ်အတွက် ဂုဏ်ယူလိုက်စမ်းပါဗျာတဲ့.. အဲဒါ ကျွန်မတို့ နောက်ဆုံးပြောတာပဲ။ အရင်ဆုံး ထိတာက ခြေထောက်။ ခြေထောက်ကို ပုဆိုးနဲ့ ပတ်စည်းနေချိန် ခေါင်းကို ပစ်တာ” လို့ မသဲစုက ဆိုပါတယ်။

လက်ရှိမှာတော့ သေဆုံးသူ ကိုဖိုးချစ်ရဲ့ အလောင်းကို ဗဟန်းမြို့နယ်က လူမှုကူညီရေးအဖွဲ့အစည်းရဲ့ အကူအညီနဲ့ မြောက်ဥက္ကလာပဆေးရုံမှာသွားထုတ်ခဲ့ပြီး မနက်ဖြန် မတ်လ (၄) ရက် နေ့လယ် (၁၂) နာရီဝန်းကျင်မှာ သင်္ဂြိုလ်မယ်လို့လည်း သိရပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ မြောက်ဥက္ကလာပ အကြမ်းဖက်ဖြိုခွင်းဖြစ်စဉ်မှာ လူ ဆယ်ဂဏန်းထက်မနည်းသေဆုံးခဲ့တယ်လို့သိရပြီး မတ်လ (၃) ရက်နေ့တစ်ရက်တည်း သေဆုံးသူ (၃၈) ဦးရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က ပြောကြားထားပါတယ်။



က္က