ကျည်ဆံက ဒူးအထက်ပေါင်ကိုထိမှန်ခဲ့ကာ သွေးထွက်လွန်ပြီးသေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။
Duwun

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ နယ်၊ ဆတ်သားတိုက်နယ် ကျေးရွာက အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးသည် မတ်လ ၂ ရက်နေ့ ညနေပိုင်းက စစ်တပ်ရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် အသက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသူက ဆတ်သွား၊ အမှတ် ၅ ရပ်ကွက်မှာ နေထိုင်တဲ့  ကိုသီဟဇော် (ခ) နောင်နောင် (၁၆) နှစ်ဖြစ်ပြီး ကျည်ဆံက ဒူးအထက်ပေါင်ကိုထိမှန်ခဲ့ကာ သွေးထွက်လွန်ပြီးသေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။



မတ်လ ၂ ရက်နေ့ ည‌နေပိုင်းက တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းအတိုင်း တောင်တွင်းမြို့ကနေ ဆတ်သားဘက်ကို စစ်ကား နှစ်စီးဖြတ်သန်းသွားချိန် လမ်းဘေးကျွဲကျောင်း နေတဲ့ လူငယ် ၂ ဦးက  ''စစ်အာဏာရှင်အလိုမရှိ'' ဟု  ကြွေးကြော်အော်ဟစ်ခဲ့ရာ စစ်သားတွေက အဲ့ဒီလူငယ် နှစ်ဦးအားထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း၊ အဲ့ဒီနောက်ဆတ်သွားနှင့်တောစိမ်းကျေးရွာအကြားက ဓါတ်ဆီဆိုင်အနီးမှာထိုင်နေတဲ့ လူငယ် ၅ ဦးအုပ်စုထဲ သေနတ်ပစ်ခတ်ခဲ့တာကြောင့် အသက်၁၆ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

"တစ်နေ့က ၅ နာရီခွဲလောက်မှာ ကျွဲကျောင်းနေတဲ့ ကလေးတွေက ရွာဘေးစစ်ကားဖြတ်သွားချိန် စစ်အာဏာရှင်အလိုမရှိဆိုပြီးကြွေးကြော်တဲ့အချိန်ဆင်းပြီးရိုက်နှက်တယ်လို့သိရတယ်။ နောက်ပြီးတော့ဆတ်သွားနဲ့ တောစိမ်းကျေးရွာအကြားမှာရှိနေတဲ့ ဓာဆီဆိုင်အနီးက လူငယ် ၅ ဦး ထိုင်နေတဲ့  ၅ ယောက်ထဲကို သေနတ်နဲ့ပစ်လိုက်တာ ကလေးတစ်ယောက်ထိသွားတာ။သိရသလောက်တော့ အဲဒီနေရာမှာပဲသေ သွားတယ်"လို့ တောင်တွင်းကြီးဒေသခံတစ်ဦးကပြောပါတယ်။

သေဆုံးသူ လူငယ်ရဲ့ ရုပ်အလောင်းကို မကွေးဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြောင်း၊ ဒီကနေ့ (မတ်လ ၄ ရက်) မှာတော့ သေဆုံးလူငယ် ဈာပနအခမ်းအနားကို ပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။


Author

  • Duwun

က္က