ဖမ်းဆီးခံရသူဦးရေက (၁၀၀၀)ကျော်ရှိပြီလို့သိရပါတယ်။

ဖေဖော်ဝါရီလ (၆)ရက်နေ့ကစပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းပြည်သူတွေအနေနဲ့ ဆန္ဒပြလာခဲ့ရာမှာ တစ်လနီးပါးရှိခဲ့ပြီဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့ (၁)လအတွင်း ရဲတပ်ဖွဲ့ဘက်ကအကြမ်းဖက်တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့ ပြည်သူ (၅၀)နီးပါးရှိကာ ဖမ်းဆီးခံသူ(၁၀၀၀)ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ပြုစုထားတဲ့ စာရင်းအရသိရပါတယ်။ သေဆုံးသူတွေရဲ့ အသက်အရွယ်အပိုင်းအခြားကိုကြည့်ပါက အသက် (၂၀)ဝန်းကျင် လူငယ်တွေအများစုဖြစ်ပြီး(၁၈)အောက်လူငယ်တွေကအစ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကိုအောင်မျိုးကျော်က Duwunကိုပြောပါတယ်။



“ သေဆုံးသူအားလုံး (၅၀)ဝန်းကျင်ကို ကြည့်လိုက်ရင် လူငယ်အများစုပါဝင်ပါတယ်။ (၁၄)နှစ် (၁၆)နှစ်လူငယ်တွေတောင်ပါတော့ တော်တော်လေးနှမြောစရာကောင်းသလိုရင်နာဖို့လည်းကောင်းပါတယ်။ လက်နက်မရှိတဲ့ပြည်သူတွေကို လက်နက်နဲ့ အကြမ်းဖက်သတ်ဖြတ်တာက တော်တော်လေးကို ဆိုးရွားတဲ့အခြေအနေပါ။ အခုဟာ သပိတ်ဖြိုခွင်းတာမဟုတ်တော့ဘဲ ရက်ရက်စက်စက်လက်နက်အားကိုးပြီး မတရားသဖြင့်အနိုင်ကျင့်တာဖြစ်လာတယ်။သေဆုံးတဲ့သူတွေကြည့်ရင် အများစုကဝမ်းဗိုက်၊ ရင်ဘတ်၊ ဦးခေါင်း တွေကိုမှန်တာ။ ဒီလုပ်ရပ်ကို နိုင်ငံတကာကလည်းလက်မခံသလို လူသားချင်းလည်းစာနာတဲ့လုပ်ရပ်မဟုတ်ဘူး”လို့ ဦးအောင်မျိုးကျော်ကပြောပါတယ်။

သေဆုံးသူတွေထဲမှာ ရန်ကုန်၊ မန္တလေးကအများဆုံးပါဝင်တယ်လို့လည်း သိရပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ သတင်းထောက်တွေကို ဖမ်းဆီးတာကလည်း သတင်းအမှောင်ချတာဖြစ်တဲ့အတွက် ဒါကလည်း လူသတ်မှုကျူးလွန်တာနဲ့ အတူတူပဲလို့ ဦးအောင်မျိုးကျော်က သုံးသပ်ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူတွေ ဦးဆောင်နေတဲ့ သပိတ်ကလည်း အားကောင်းသလို နိုင်ငံတကာကလည်း စိတ်ဝင်စားမှုမြင့်တက်လာပြီဖြစ်တဲ့အတွက် ဒီအရေးတော်ကသေချာပေါက် နိုင်မှာဖြစ်တယ်လို့လည်းသူက ဆိုပါတယ်။

လက်ရှိအရေးတော်ပုံကာလအတွင်း သေဆုံးသူစာရင်းနဲ့ ဖမ်းဆီးခံရသူစာရင်းတွေကိုတော့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းအနေနဲ့ လူမှုကွန်ရက်ကတွေ့ရှိရတဲ့ စာရင်းတွေအပါအဝင် အသင်းအဖွဲ့အချင်းချင်းချိတ်ဆက်ပြီး အတည်ပြုထားတဲ့ စာရင်းတွေဖြစ်တယ်လို့သိရပါတယ်။ အရေးတော်ပုံကာလအတွင်းမှာတော့ နေပြည်တော်က အသက် (၁၉)နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်က ပထမဦးဆုံးအသက်ပေးခဲ့ရသူ ဖြစ်ပါတယ်။



က္က