ပြီးခဲ့တဲ့ ရက်တွေမှာ ရဲနဲ့စစ်တပ်က ပြည်မြို့ဆန္ဒပြလူထုကို အကြမ်းဖက်ဖြိုခွဲတာ၊ ရာဘာကျည်နဲ့ ရပ်ကွက်ထဲအထိ လိုက်လံပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

မတ်လ ၅ရက်နေ့ ပြည်မြို့က အာဏာရှင်မလိုမရှိကြောင်း ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို နေရာခွဲလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိဘဲ လူစုခွဲအဆုံးသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ပြည်မြို့မှာ ဆန္ဒပြသပိတ်စစ်ကြောင်းကို ဆိုင်ကယ်တွေနဲ့ပြုလုပ်ကြသလို၊ လမ်းလျှောက်သပိတ်စစ်ကြောင်းလည်း ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဆန္ဒပြနေချိန် ယခင်ရက်တွေလိုအကြမ်းဖျက်ဖြိုခွင်းတာမျိုးမရှိခဲ့ပေမယ့် လမ်းလျှောက်သပိတ်လူစုခွဲချိန်မှာ အရပ်ဝတ်နဲ့လူတချို့ လိုက်လံဖမ်းဆီးဖို့လုပ်ခဲ့တာကြောင့် ပြည်မြို့မဈေးကြီးထဲကို ရှောင်ခဲ့ရတယ်လို့ သိရပါတယ်။



"ဒီနေ့က လမ်းကြောင်းလဲခွဲလုပ်ကြတယ်။ ဆိုင်ကယ်နဲ့ပြသူတွေကလမ်းကြောင်းသပ်သပ် နာရီစင်ဘက်ကနေသွားတာရှိတယ်။ခြေကျင်သပိတ်ကမြို့ထဲပတ်တယ်။ ဒီနေ့တော့ထိပ်တိုက်တွေ့တာမရှိဘဲ အေးဆေးပြီးဆုံးသွားတယ်။ ဒါပေမယ့် လမ်းလျှောက်သပိတ်လူစုခွဲတော့မှလိုက်လို့ဈေးထဲတော့ဝင်ပြေးလိုက်ရသေးတယ်"လို့ ပြည်မြို့က ဆန္ဒပြပြည်သူတစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ရက်တွေမှာ ရဲနဲ့စစ်တပ်က ပြည်မြို့ဆန္ဒပြလူထုကို အကြမ်းဖက်ဖြိုခွဲတာ၊ရာဘာကျည်နဲ့ ရပ်ကွက်ထဲအထိ လိုက်လံပစ်ခတ်မှုတွေရှိခဲ့တာကြောင့် ပြည်မြို့ဆန္ဒပြသူတွေဟာ ဆန္ဒပြမယ့်စုရပ်ကို နေရာခွဲပြီးစတင်လုပ်ဆောင်တာဖြစ်ပါတယ်။ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြမှုတွေကို ပြည်သူ့အစိုးရ ပြည်သူ့အာဏာပြန်မရမချင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြည်မြို့ကဆန္ဒပြပြည်သူတွေက ဆိုပါတယ်။ 

ပြည်မြို့မှာ အာဏာရှင်ကိုလက်မခံကြောင်း ဆန္ဒပြနေတာဟာဆိုရင် ရက်ပေါင်း ၂၇ ရက်ကြာရှိပြီဖြစ်ပါတယ်။ စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွဲခံရမှုကြောင့် သတင်းသမားတစ်ဦး အပါအဝင် ဖမ်းဆီးခံရသူ ၁၃ ဦးကျော်ရှိနေပြီး ရာဘာကျည်ထိမှန်ဒဏ်ရာရခဲ့သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

ပြည်မြို့မှပေးပို့သော သတင်းဖြစ်ပါသည်။ 



က္က