ကျန်းမာရေးကုသမှုခံယူနေရတာကြောင့် အာမခံပေးဖို့ လျှောက်ထားခဲ့တာဖြစ်တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
Duwun

နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ NLD နာယက ဦးဝင်းထိန်ကို အာမခံပေးဖို့ ဒီကနေ့ မတ်လ (၅) ရက်နေ့ ရုံးချိန်းမှာ လျှောက်ထားတယ်လို့ ဦးဝင်းထိန်ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဦးဝင်းထိန်ကို ဒီကနေ့ မတ်လ (၅) ရက်နေ့မှာ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဗီဒီယိုကွန်ဖရင့်နဲ့ ရုံးထုတ်စစ်ဆေးခဲ့ရာ ဦးဝင်းထိန်က အသက် (၈၀) နှစ်ရှိပြီး ဝှီးချဲနဲ့ သွားလာနေရကြောင်း၊ အိပ်ရင် အသက်ရှုရောဂါရပ်တဲ့ ရောဂါရှိတာကြောင့် အောက်ဆီဂျင်မပြတ်ပေးသွင်းနေရပြီး သွေးတိုး၊ ဆီးချို၊ နှလုံးကြီးရောဂါ၊ သွိုင်းရွိုက်ဟောမုန်းအားနည်းရောဂါ၊ ဆီးကျိတ်ကြီးရောဂါစတဲ့ ရောဂါဝေဒနာတွေခံစားရကာ ကျန်းမာရေးကုသမှုခံယူနေရတာကြောင့် အာမခံပေးဖို့ လျှောက်ထားခဲ့တာဖြစ်တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။



“ကျန်းမာရေးကုသမှု စဉ်ဆက်မပြတ်ခံယူနေရတဲ့အတွက် ၄၉၇၁ အရ ဘဘအတွက် ရုံးတော်မှာ အာမခံလျှောက်ထားပါတယ်။ ဥပဒေအရာရှိတွေဘက်က မပေးသင့်ဘူးလို့တော့ မကန့်ကွက်ဘူး။ ဥပဒေနဲ့အညီ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား အမိန့်ချပေးဖို့ လျှောက်ထားတယ်။ တရားရုံးကနေပြီး နောက်ရုံးချိန်းမှာ အမိန့်ချမှာဖြစ်ပါတယ်” လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ရုံးချိန်းမှာ ရှေ့နေတွေအနေနဲ့ ဦးဝင်းထိန်နဲ့ အပြင်မှာ တွေ့ခွင့်ရဖို့ ၊ ဦးဝင်းထိန်ကို စွပ်စွဲထားမှုနဲ့ ပတ်သက်ပြီး အများပြည်သူရှေ့မှောက်မှာ စစ်ဆေးခံတဲ့အခွင့်အရေးပေးဖို့ တွေကို လျှောက်ထားရာ တရားသူကြီးက နောက်ရုံးချိန်းမှာ လျှောက်လဲပေးဖို့ အတွက် ချိန်းဆိုထားတယ်လို့လည်း သိရပါတယ်။ နောက်ထပ်ရုံးချိန်းကိုတော့ မတ်လ (၁၉) ရက်နေ့ကို ချိန်းဆိုထားပြီး ဦးဝင်းထိန်ကိုတော့ နေပြည်တော်အကျဉ်းထောင်မှာ ဖမ်းဆီးထားကာ မိသားစုတွေနဲ့ ရှေ့နေတွေနဲ့ အခုချိန်ထိ တွေ့ခွင့်မရသေးဘူးလို့လည်း ရှေ့နေတွေက ပြောပါတယ်။

NLD နာယက ဦးဝင်းထိန်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) ဥတ္တရသီရိခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားတာဖြစ်ပြီး ဦးဝင်းထိန်ကို ဖေဖော်ဝါရီလ (၄) ရက်နေ့တုန်းက ရန်ကုန်မြို့ကနေ နေပြည်တော်ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။


Author

  • Duwun

က္က