လူတစ်စုက ဒေသခံတွေကို ဓားနဲ့ဝင်ခုတ်ခဲ့တာလည်း ဖြစ်ပါတယ်။
Ei Ei Htun

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာမှာ ဒီကနေ့ (မတ်လ ၅ ရက်) လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်အတွင်း လူ (၂)ဦးသေဆုံးကာ (၇)ဦးဒဏ်ရာရရှိခဲ့ပြီး လူတစ်စုက ဒေသခံတွေကို ဓားနဲ့ ဝင်ခုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ကျောင်းကုန်းကျေးရွာနေ ဦးထွေးခိုင်၊ ဦးချစ်နဲ့ မောင်နန်းဝေတို့မှာ တစ်ဖက်ကျေးရွာကနေ ရွာကိုပြန်အလာမှာ လမ်းမှာရှိတဲ့ သစ်စက်ဝန်းအတွင်းက လူတစ်စုက ဓားနဲ့ထွက်ခုတ်ခဲ့တာဖြစ်ပြီး ဦးချစ်နဲ့ အသက်(၁၇)နှစ်အရွယ် မောင်နန်းဝေတို့မှာ နေရာတင် သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 



“အခုတ်ခံရတဲ့သူတွေထဲက ဦးချစ်ဆိုသူက NLD ပါတီဦးဆောင်လုပ်နေတဲ့သူပါ။ ဓားနဲ့ ခုတ်တဲ့ အဖွဲ့က ပြည်ခိုင်ဖြိုးပါတီကဖြစ်ပြီး ပါတီကိုယ်စားလှယ်လောင်းပါ ပါပါတယ်။ ဘာကြောင့်ခုလိုခုတ်တယ်ဆိုတာတော့မသိဘူး။အခုတော့ တရားခံတွေလိူက်ဖမ်းနေတုန်း။ တချို့ကတော့ မိပြီ ။ကျန်တဲ့သူတွေကိုတော့ လိုက်ဖမ်းနေတုန်း။ တကယ့်ခေါင်းကြီးပိုင်းတွေက ပြေးနေတုန်း”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုတရားခံတွေကို လိုက်လံဖမ်းဆီးမှုမှာတော့ ရဲတပ်ဖွဲ့အပါအဝင် စစ်တပ်ကလည်း လာရောက်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အလောင်းတွေကို မကွေးဘက်ကို သယ်ဆောင်သွားပြီး ရဲနဲ့ စစ်သားအယောက် (၃၀)လောက်နဲ ဒေသခံပြည်သူတွေကတော့ တရားခံတွေ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျှက်ရှိနေပါတယ်။

အခင်းမဖြစ်ခင် မနေ့က ညကလည်း ဒေသခံတွေ သံပုံးတီးတာကြောင့် သေနတ်(၃)ချက်ပစ်ဖောက်သံကြားခဲ့ရတယ်လို့လည်းသိရပါတယ်။

အခုလူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံတွေအနေနဲ့ကတော့ ဒီလိုလုပ်ရပ်မျိုးတွေ ထပ်ပြီးဖြစ်လာမှာကိုစိုးရိမ်မှုတွေတော့ ရှိနေကြပါတယ်။

မကွေးမှ ပေးပို့ထားသောသတင်း ဖြစ်ပါသည်။


Author

  • Ei Ei Htun

    Content Writer/Reporter


က္က