ထွေအုပ်ဝန်ထမ်း ၅ ဦးက ကျွန်းလှမြို့နယ် လူထုသပိတ်စစ်ကြောင်းမှာ လူထုနဲ့အတူ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

စစ်အစိုးရကို အလိုမရှိကြောင်း ပြသတဲ့ CDM လှုပ်ရှားမှုကို စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်က ဝန်ထမ်း ၅ ဦး စတင် ပါဝင်လုပ်ဆောင်လာပြီဖြစ်တယ်လို့ ကျွန်းလှလူထုသပိတ်စစ်ကြောင်းပါဝင်သူတွေက ပြောပါတယ်။

"မြို့နယ်ရုံးက ရုံးဝန်ထမ်း နှစ်ဦးပါတယ်။ သူတို့က ယာဉ်မောင်းတစ်ယောက်၊ စာပို့ တစ်ယောက်ပါ။ ကျန်တာက ရပ်ကျေးအုပ်ချုပ်ရေးပိုင်းကပါ။ ထွေအုပ်ကပါလာတာ အခုလူတွေကပထမဆုံးပါ။ ဒီနေ့ ပြည်သူတွေနဲ့အတူ ဆန္ဒပြမှုမှာပါဝင်တယ်"လို့ ကျွန်းလှမြို့နယ် ဆန္ဒပြပွဲ ဦးဆောင်သူကပြောပါတယ်။



အဲဒီ ထွေအုပ်ဝန်ထမ်း ၅ ဦးက ဒီကနေ့ မတ်လ ၅ ရက်နေ့ ကျွန်းလှမြို့နယ် လူထုသပိတ်စစ်ကြောင်းမှာ လူထုနဲ့အတူ ပါဝင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတွေ CDM ကိုပါဝင်လာပြီး ဆန္ဒပြစစ်ကြောင်းပူးပေါင်းတဲ့အပေါ် လမ်းတလျှောက်မှာ မြို့ခံလူထုက လက်ခုပ်တီးအားပေးခဲ့ကြသလို သပြေပန်းပေးပြီး ဂုဏ်ပြုခဲ့ကြကြောင်းသိရပါတယ်။

ကျွန်းလှမြို့နယ်မှာ အရင်က CDM ပါဝင်မှုရှိထားတဲ့ အစိုးရဌာနတွေက မီးရထား၊ကျန်းမာရေး၊ပညာရေး၊စည်ပင်၊ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊စိုက်ပျိုးရေး ဦးစီးဌာန တွေရှိနေပြီး အခုဆိုရင် ပထမဆုံးအနေနဲ့ ထွေအုပ်ဝန်ထမ်း တချိူ့ပါ ပါဝင်လာတာပဲဖြစ်ပါတယ်။

ပြည် အလွတ်တန်းသတင်းထောက်မှ ပေးပို့သော သတင်းဖြစ်ပါသည်။



က္က